မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် စာတင်

နိုဝင်ဘာ ၂၇

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာတရားရုံး ICC ရှေ့နေချုပ် Karim A.A. Khan KC က စာတင်လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တို့က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးစုအပေါ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ICC အနေနဲ့ ဖမ်းဝရမ်းထုတ်နိုင်ရန် ယခုကဲ့သို့ အစီရင်ခံစာ တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရှေ့နေသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာကတည်းက အဆိုပါကိစ္စများကို စုံစမ်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့လည်းသွားရောက်ခဲ့ကြောင်း ဆိုထားသည်။

အခု အစီရင်ခံစာသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့် ဝရမ်းထုတ်နိုင်ရန်တင်သွင်းသော ပထမအကြိမ်ဖြစ်ပြီး နောက်ဆက်တွဲ အစီရင်ခံစာလည်း ရှိဉီးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တင်သွင်းသော အစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ တပ်မတော်နှင့် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့၊ ရိုဟင်ဂျာမဟုတ်သူများ ( မူရင်းတွင် non-Rohingya civilians ဟု သုံးထား) က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ကျူးလွန်ခဲ့သော ကိစ္စရပ်များကို ဖော်ပြထားကြောင်း သိရသည်။

ပုံစာ- ICC ရှေ့နေ ( photo – ICC ) နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ( photo- News Ambassador)