


မင်းလှ၊ ဧပြီ ၂၉
ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဆားချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်းနှင့် လက်နက် ၁၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် Asho_Chin_Defence_Force-ACDF အဖွဲ့က သတင်းထုတ်ပြန်လာသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ မနက် ၅ နာရီ ၁၀ မိနစ်ခန့်က ဆားချောင်းကျေးရွာအတွင်းသို့ ရောက်ရှိလာသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မနက် ၇ နာရီခွဲခန့်တွင် ငမိုးရိပ်ကျေးရွာမှ ဇရပ်မြှောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် အရှိုချင်းကာကွယ်ရေးတပ်၊ ဗျူဟာ ၂၂ ပူးပေါင်းမဟာမိတ်စစ်ကြောင်း တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး တို့ဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း ဆိုထားသည်။
မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် ထောက်ကြံ့ကျေးရွာဘက်သို့ ဆုတ်ခွာသွားပြီး ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲလိုက်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်းနှင့် လက်နက်ငယ် ၁၁ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားသည်။