ဘောမိ တရွာလုံး ပြာကျပြီး ဘုန်းကြီးကျောင်းနှင့် ဆိုက်ကလုန်းဒဏ်ခံအဆောက်အဉီသာကျန်ကြောင်း ဒေသခံပြော

ပုသိမ်၊ ဇန်နဝါရီ ၁၉

ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သော ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေသောင်ယံမြို့နယ်၊ ဘောမိရွာတွင် တရွာလုံးနီးပါး ပြာကျခဲ့ကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

ဘောမိရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းကတည်းကတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် မီးလောင်မှုကြောင့် တက်လာသည့် မီးခိုးလုံးများကိုလည်း လှမ်းမြင်ရ‌ကြောင်း စစ်ဘေးရှောင်နေသည့် ဘောမိရွာသားတဉီးက ပြောသည်။

“ရွာသားတွေတော့ အကုန် တောထဲရွာတွေကို ဘေးလွတ်ရာကိုရှောင်ထားကြတော့ မရှိကြတော့ဘူး။ တတ်နိုင်တဲ့သူတွေကြတော့ ပုသိမ်ကိုရှောင်ထားကြတယ်။ အခု ဇန်နဝါရီလ အစလောက်ကတည်းက ရှောင်ထားကြရတာ။ လူတွေတော့အထိခိုက်မရှိပါဘူးဗျာ။ ရွာပဲပျက်စီးသွားတာ။ ရွာကိုတော့ မသွားရဲသေးဘူး။ အသံငြိမ်တော့မှ သွားကြည့်ရတော့မှာ။ သွားကြည့်လည်း ဘာမှမရှိလောက်တော့ပါဘူးဗျာ။ ဘုန်းကြီးကျောင်းနဲ့  မုန်တိုင်းရှပ်တာပဲ ထီးထီးကျန်နေတာ တွေ့ရတယ်” ဟု ဘောမိရွာသားတဉီးက ယနေ့မနက်တွင် ပြောပြသည်။

ဘောမိရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက် အရေးနိမ့်ပြီး တပ်ပြန်ဆုတ်သွားခဲ့ရပြီး AA နှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိပေ။

ဘောမိရွာကို အဝေးမှလှမ်းမြင်နေရသည့် ဒေသခံ စစ်ရှောင်ကမူ ယနေ့တွင် တိုက်ပွဲဖြစ်ပွားသည့် အသံမကြားရဘဲ စစ်ကောင်စီ၏ တပင်ပေါ်ကျေးရွာ အမြှောက်စခန်းနှင့် ရေတပ်တို့မှ လက်နက်ကြီးလှမ်းပစ်သံများကိုတော့ ကြားနေရသေးကြောင်း ပြောပြသည်။

တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းကိုလည်း AA ဘက်က ထုတ်ပြန်လာခြင်းမရှိသေးပေ။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့၏ တိုက်ပွဲများသည် ဧရာဝတီတိုင်းအတွင်းအထိ ကူးစက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ-ဒေသခံ