



ဧပြီ ၉
Newsambassador
” ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း “ ဆိုသည့် သံပြိုင်ဆိုသံသည် မကျည်းပင်အောက် စာသင်ဝိုင်းလေးမှ ကလေးငယ်များ၏ စာအံသံပင်ဖြစ်သည်။
စစ်ကောင်စီတပ်သည် မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဉ် ရက်ဆက် ဗုံးကြဲချနေခြင်းကြောင့် စာသင်ကျောင်းများပိတ်ထားရပြီး ယခုကဲ့သို့ မကျည်း ပင် ရိပ် အောက်မှာ ပင်စာသင်ကြားနေခြင်းဖြစ် သည် ။
ဗုံးဒဏ်ကြောင့် အညာဒေသရှိ ကလေးငယ်များသည် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း ၊ ကျောင်းခန်းအတွင်း ပညာကောင်းစွာ မသင်ကြားနိုင်သည်မှာပင် ၄ နှစ်ကျော်ပြီဟု ဆရာမလေး မနှင်းဝေ က ပြောပြသည်။
” ကလေးတွေ ကျောင်းမတက်ရတော့ စာတက်မြောက်မှုမှာ နှောင့်နှေးကုန် တယ်။ ၃ တန်းတက်နေရမယ့်ကလေးက သူငယ်တန်းစာတောင် မကြေဘူး။ ဗုံးဒဏ်ကြောင့် ကလေးတွေ စာသင်ကြားခွင့် ဆုံးရှုံးနေခြင်းမဖြစ်အောင်လို့ ဗုံးဒဏ်ကြားကပဲ စာသင်ဝိုင်းလေး လုပ်ဖြစ်တာပါ ။မကျည်းပင်အောက် သင်တာတောင် အပေါ်ကလှမ်းကြည့်လို့ လူစုလူဝေးလို့ ထင်သွားမှာ ဆိုးလို့ နွားတင်းကုတ်ထဲ ခွဲသင်ရတာတွေလည်းရှိတယ် “ စာသင်ဝိုင်းလေး တည်ထောင်သူ ဆရာလေးက ဆိုသည်။
တချို့ ကျေးရွာများတွင် လူစုလူဝေး မဖြစ်ရလေအောင် အတန်းလိုက်လူခွဲကာ ဆရာ / ဆရာမ များက နေအိမ်အထိ စာလိုက်သင်ကြားပေးနေရကြောင်း ပုလဲနယ်မှ ကျောင်းဆရာမ တစ်ဦးက ဆိုသည်။
“ ကျောင်းကြတော့ လူစုလူဝေးလိုဖြစ်နေတယ်။ ကျောင်းဖွင့်ပြီလို့သတင်းပေါက်ကြားတာနဲ့ လာကြဲပြီ။ ကျောင်းမှာ ဗုံးခိုကျင်းတူးထားပါတယ်။ လူအများကြီးဆိုရင် တကယ်တမ်း လာကြဲပြီဆို မလွယ်ဘူးဗျ။ ကျောင်းတွေ မဖွင့်နိုင်သေးတဲ့ ကာလမှာတော့ အတန်းလိုက်ခွဲပြီး တအိမ်စီမှာ စုသင်ပေးကြတယ်။လူစု လူဝေးမဖြစ်အောင် အနည်းဆုံး ဆယ်ယောက် ၊ဆယ်ငါးယောက်ကို တအိမ်ပေါ့။ ကလေးတွေက ကျောင်းမတက်ရတော့ အသက်ကကြီးလာပြီး စာက မတတ်ဖြစ်လာကြတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။
အာဏာသိမ်းစစ်တပ်သည် အရပ်သားများရှိရာ ကျေးရွာများ ၊စာသင်ကျောင်း များနှင့် ၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် လေကြောင်းအန္တရာယ် စိုးရိမ်ရသည့်နေရာများမှ ဘေးလွတ်ရာနေရာများကိုရှောင်ရှားနေထိုင်ကြရန် နှင့် ကတုတ်ကျင်းများတူးထားကြရန်လည်း မြိုင်မြို့နယ် ပကဖ က ညွှန်ကြားထားသည်။
” လေယာဉ်ကတော့ အမြဲဝဲနေတာပါ။ ခေါင်းတမော့မော့နဲ့ပဲနေနေရတာပေါ့။ ကျောင်းတွေ မဖွင့်နိုင်သေးတော့ စာသင်ဝိုင်းပဲ ပို့ထားရတယ်။ အတန်းမတက်သွားပေမယ့် ကလေးတွေ ရေးတတ် ဖတ်တတ်နိုင်တယ်။ ကျောင်းဖွင့်ပြီဆိုတဲ့ သတင်းကြားတာနဲ့ ဗုံးကြဲချတော့ ကျောင်းတွေမဖွင့်ရဲကြဘူး။ ကလေးတွေ စာမတက်မှာစိုးလို့ ရသလို သင်ယူခိုင်းရတာပဲ” ဟု ဗုံးဒဏ်ကြားက ပညာသင်ကြားနေရသည့် အခြေအနေကို ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။
စစ်ကောင်စီတပ်သည် မြို့နယ်ပေါင်း ၁၆၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း ၊ရှမ်းပြည်နယ်သည် လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ဒုတိယ အများဆုံးဖြစ်သည်ဟု သိရသည်။
မြိုင်မြို့နယ်အတွင်း လူစုလူဝေးပြုလုပ်တဲ့နေရာများကို စစ်ကောင်စီက အသွင်အမျိုးမျိုးယူကာ သတင်းရယူနေတဲ့အပြင် လေကြောင်းကင်းထောက်ယာဥ်များနှင့် ထောက်လှမ်းပြီး ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် လူစုလူဝေး မပြုလုပ်ကြရန် မြိုင် – ပကဖ က တားမြစ်ချက် ထုတ်ပြန်ထားသည် ။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာထားသော်လည်း စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည် ။