
မြဝတီ၊ မေ ၆
အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ( ယခု KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နှင့် ၎င်း၏ သားဖြစ်သူ ၂ ဉီးကို အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူလိုက်သည်။
အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဗိုလ်မှူးကြီးစောချစ်သူနှင့် ၎င်း၏သား ၂ ဉီးဖြစ်သော စောထူးအယ်မို နှင့် စောချစ်ချစ် တို့ကို အမေရိကန်နိုင်ငံသားများအပေါ် ကျူးလွန်သော လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စများ၊ အွန်လိုင်းဆိုင်ဘာမှုခင်းများအတွက် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
KNA ထိန်းချုပ်ရာ မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေသများသည် အွန်လိုင်းငွေလိမ်ဂိုဏ်များ၏ နေအိမ်သဖွယ်ဖြစ်နေပြီး ဗိုလ်မှူးကြီးစောချစ်သူနှင့်တပ်ဖွဲ့သည် အဆိုပါဂိုဏ်များနှင့် မြန်မာစစ်တပ်အကြား ဆက်သွယ်ပေးမှုမှ အကျိုးအမြတ်များစွာရရှိနေကြောင်းကိုလည်း ဖော်ပြထားသည်။
အဆိုပါ အွန်လိုင်းငွေလိမ်မှုများကြောင့် ပြီးခဲ့သည့် ၃ နှစ်အတွင်း အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပုံစာ-ဗိုလ်မှူးကြီးစောချစ်သူ