ဖြူး၊ ဩဂုတ် ၂၁
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာနှင့်စက်ကုန်းကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂ရက်အတွင်း စစ်ကောင်စီတပ်သား ၁၉ဦးသေဆုံးခဲ့ပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသက သတင်းထုတ်ပြန်လာသည်။
ဩဂုတ်လ ၁၉ရက်နေ့တွင် ဖြူးပကဖ မဟာမိတ်အဖွဲ့နှင့် စစ်ကြောင်း(၁) Drone Team အဖွဲ့များက တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်း တပ်စွဲထားရာနေရာများသို့ ဒရုန်းဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဩဂုတ်လ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်သည် စက်ကုန်းကျေးရွာသို့ ထပ်မံ စစ်ကြောင်းထိုးလာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ ၁၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့ကာ လိပ်ပေါရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုသည်။ ယင်းနေ့မနက် ၁၁ နာရီခန့်တွင် နယ်မြေရှင်းလင်းမှု လုပ်ဆောင်ရာ ကပစကျည် 5.56 ကျည် ၁၉၅ တောင့်၊ လွယ်အိပ် ၂ လုံး နှင့် ဆေးပစ္စည်းအချို့ကိုသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုထားသည်။