ပဲခူးရိုးမတိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာ၊ သုံပန်း (၁၀) ဦး ဖမ်းဆီးရမိ

လက်ပံတန်း၊ ဩဂုတ် ၂၄

ပဲခူးရိုးမအတွင်း စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁၀ ဉီး ဖမ်းဆီးရမိကြောင်း PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်လာသည်။ ယနေ့မနက်က ပဲခူးတိုင်း၊ လက်ပံတန်းမြိုနယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာအနီးတွင် အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး ၂၀ ကျော် သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် စစ်သုံပန်း (၁၀) ဦး ဖမ်းဆီးရမိခဲ့ပြီး G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုထားသည်။

စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။