
ပဲခူး၊ ဧပြီ ၂
ပဲခူးတိုင်းရှိ ညောင်ကျိုးဗျူဟာကုန်းစခန်းကို ဧပြီ ၂ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ကြေညာလာသည်။
ညောင်ကျိုးဗျူဟာကုန်းကို မတ်လ ၁၇ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်အကြာ၌ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည့် အခွင့်အရေးရှိခဲ့သော်လည်း တစ်ဖက်သတ်အပစ်ရပ်ခဲ့သောကြောင့် အဆိုပါနေရာများအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထိုးစစ်များကို ရပ်တန့်ခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။
AA သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်ပြီး ညီနောင် မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲအစည်းများနှင့်အတူ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက်မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ညောင်ကျိုးစခန်းသည် ရခိုင်ပြည်နယ်ဘက်မှ ပဲခူးတိုင်းအတွင်းသို့ ဝင်ပေါက်ရှိ ဗျူဟာစခန်းဖြစ်ပြီး ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများအတွက် အရေးကြီးသော စခန်းဖြစ်သည်။
ညောင်ကျိုးဗျူဟာ ကျသွားသဖြင့် အနီး ၁၀ မိုင်ဝန်းကျင်ရှိ ကပစ ၆ စက်ရုံနှင့် အခြားသော ကပစ ၅ ၊ ကပစ ၉ ၊ ကပစ ၃ တို့အတွက် အန္တရာယ်ရှိလာကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုသည်။
ညောင်ကျိုး စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်ကိုတော့ AA ဘက်က မထုတ်ပြန်လာသေးပေ။