ပေါက်မြို့နယ် သရက်ကန်ရွာ လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး အရပ်သား ၃ ဉီး သေဆုံး

ပေါက်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သရက်ကန်ရွာကို ယနေ့မနက်အစောပိုင်းတွင် အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ိခုက်ခဲ့ကြောင်း သိရသည်။

ယနေ့မနက် ၁၂ နာရီ ၄၀ မိနစ်ခန့်က သရက်ကန်ရွာဘက်တွင် တိုက်ပွဲတစုံတရာမရှိဘဲ အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဗုံးကြဲမှုကြောင့် သရက်ကန်ရွာမြောက်ပိုင်းရှိ နေအိမ်များပေါ်သို့ ဗုံးသီးကျရောက်ခဲ့ပြီး အရပ်သား ၃ ဉီး သေဆုံးကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပျောက်ကြားတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့်‌ သေဆုံးသွားသူ ၃ ဉီးတွင် ၂ ဉီးမှာ သရက်ကန်ရွာသား ကိုဇော်လင်းစိုးနှင့် ၎င်း၏ဇနီးတို့ဖြစ်ပြီး ကျန် ၁ ဉီးမှာ  ပခုက္ကူမြို့နယ် သံဘိုရွာမှ သရက်ကန်ရွာသို့ အလုပ်လာလုပ်သော  ကိုဝက်ကြီးဆိုသူ ဖြစ်ကြောင်း We love myaing အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကိုဇော်လင်းစိုးနှင့် ဇနီးဖြစ်သူတို့နေအိမ်ပေါ်သို့ ဗုံးသီးတည့်တည့်ကျသဖြင့် အလောင်းများလည်း တစစီဖြစ်သွားသည်ဟု ဆိုထားသည်။