

ပခုက္ကူ၊ ဧပြီ ၂၃
မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ဆယ်ပင်စုရွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသဖြင့် အမျိုးသမီး ၁ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ ကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်နေရာ ဘုန်းကြီးကျောင်းကို မကွေးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
“အမျိုးသမီး ၁ ဉီး ဆုံးတာတော့ အတည်ပြုလို့ရတယ်။ ဘုန်းကြီးကျောင်းကို ကြဲပေမယ့် ဘုန်းကြီးကျောင်းကို မထိလိုက်ဘဲ ဘေးကိုပဲ ကျတယ်လို့ သတင်းကြားတယ်။ ၄ နာရီ ၁၀ မိနစ်လောက်ကနေ စပြီး ပစ်တာ။ ၂ စီးနဲ့ ပတ်ပျံပြီး ၂ ကြိမ်စီ ကြဲသွားတယ်။ နောက်ထပ် ၂ ဉီး ဒဏ်ရာရတယ်” ဟု ဒေသခံ ပြည်သူတစ်ဉီး ပြောပြချက်အရ သိရသည်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၁၈ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဉီး ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဉီးမှာ အမျိုးသားများဖြစ်ကြောင်းကိုလည်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင် က ကနဉီးသတင်းထုတ်ပြန်လာသည်။
ဖြစ်စဉ်တွင် နေအိမ်တစ်ချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။