ရေစကြို၊ နိုဝင်ဘာ ၁
News Ambassador
မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၁ ဉီးနှင့် မြောက်လူးကန်စခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၁ ဉီးတို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က အလင်းဝင်လာခဲ့ကြောင်း Southern YSO PDF က သတင်းထုတ်ပြန်လာသည်။
ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပခုက္ကူမြို့ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင် နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းတွင် တာဝန်ထမ်းဆောင်နေသော စလင်းမြို့ ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့် တို့သည် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF အဖွဲထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် MA1 သေနတ် ၂ လတ်၊ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆန် ၁၂၀ တိုနှင့်အတူ လက်နက်အပ် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်နက်အပ်ဝင်ရောက်လာသော ရဲဘော် ၂ ဦးကို တစ်ဦးလျှင် ငွေ ကျပ် သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း ဆိုထားသည်။
ယခုအချိန်ထိ Southern YSO PDF အဖွဲ ထံသို့ အလင်းဝင်ရောက်လာသော စကစတပ်သား အမြောက်အမြားရှိနေပြီဖြစ်ပြီး အချို့ကို ၎င်းတို့နေထိုင်လိုရာအရပ်သို့ ပို့ဆောင်ပေးထားကာ အချို့မှာလည်း စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများအတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

