နွားထိုးကြီးတွင်  စကစစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး  အသေ/အပျောက် များ

နွားထိုးကြီး၊ ဇန်နဝါရီ ၃၀

News Ambassador

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရပြီး အသေအပျောက်များပြားခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော စစ်ကောင်စီ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသည့် စစ်ကောင်စီ   တပ်မ-၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅) နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀) ခန့်ပါ စစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက်နေ့မနက်က မြတောင်ရွာနှင့် စိန်ပန်းကန်ရွာအကြားတွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းကို မြင်းခြံခရိုင် PDF တပ်ရင်း (၄၊ ၁၀) ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင်  စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်း၏ အလောင်း အပါအဝင် ၂၁ လောင်း သိမ်းဆည်းရရှိထားကြောင်း  အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီ ဗိုလ်မှူး  ရန်လင်းအောင် မှာလည်း ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်း  ကောက်ချက်ချ ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဉီးကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး  MA-1 သေနတ် (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။