နောင်ချိုမြို့ထဲကို စစ်ကောင်စီ ၂ ရက်ဆက်၍ ဗုံးကြဲသဖြင့် ဒေသခံ ၉ ဉီးခန့် သေဆုံး

နောင်ချို၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထိန်းချုပ်ထားရာ နောင်ချိုမြို့ကို အာဏာသိမ်းစစ်တပ်က ၂ ရက်ဆက်၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၉ ဉီးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က နောင်ချိုမြို့ရှိ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ဉီး သေဆုံးပြီး ၂ ဉီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မနက် ၁၁ နာရီခွဲခန့်ကလည်း နောင်ချိုမြို့ပေါ်ရှိ ရဲစခန်းအနီးဝန်းကျင်နှင့် ပါရမီလ္ဘက်ရည်ဆိုင်နေရာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ထံမှ သိရသည်။

ယနေ့ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် လ္ဘက်ရည်ဆိုင်ပိုင်ရှင် နှင့် စားပွဲထိုး အပါအဝင် လ္ဘက်ရည်သောက်သုံးနေသူ  စုစုပေါင်း ၈ ဉီးခန့် သေဆုံးခဲ့ပြီး ၁၀ ဉီးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကနဉီးသတင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် MNDAA တို့ တရားဝင်အပစ်အခတ်ရပ်စဲသည်ဟု တရုတ်အစိုးရက ကြေညာသည့် နေ့မှာပင် TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ကို လေယာဉ်ဖြင့် ၂ ရက်ဆက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုရက်အတွင်း မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနှင့် မြိုကုန်းကျေးရွာအနီး၊ နောင်ချိုမြိုနယ် သံဘိုကျေးရွာအနီး ၊ သပိတ်ကျင်းမြိုနယ် (၇)မိုင်ကျေးရွာတို့တွင်  စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွါးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာသည်။

photo-local