နောင်ချို၊ နိုင်ဝင်ဘာ ၁၆
News Ambassador
ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၌ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်လာသည်။
နောင်ချိုမြို့၊ တောင်ခမ်းရှိ စစ်ကောင်စီ အမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဉီးကိုလည်း သုံ့ပန်းအဖြစ်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။
နောင်ချိုမြို့ရှိ တောင်ခမ်းအမြှာက်တပ်စခန်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း ဆိုထားသည်။
တောင်ခန်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်မှာ ရက်အတန်ကြာမြှင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဘက် အကျအဆုံးရှိနေကြောင်း သိရသည်။
