


ငဖဲ၊ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဉီးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် CDF အရှို ကြေညာလာသည်။
ရက္ခိုင့်တပ်တော် AA နှင့်ပူးပေါင်းတပ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကို တိုက်ခိုက်နေစဉ် အဆိုပါ တပ်၏ ကာကင်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးကြလျက်ရှိရာ ယင်းအထဲမှ ၂၃ ဉီးကို နတ်ရေကန်ဆက်သွယ်ရေးတာဝါတိုင်၏မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများပါရရှိခဲ့ကြောင်း သိရသည်။
၎င်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဉီးထံမှ အမ်အေဝမ်း သေနတ် ၁၃ လက်၊ အမ်အေတူး သေနတ် ၁ လက်၊ အမ်အေသရီး သေနတ် ၃ လက်၊ အမ်အေအီလဲဗင်း သေနတ် ၂ လက်၊ အမ်အေဖိုက် သေနတ် ၁ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ ကျည်ဆန် ၄၀၀၀ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နတ်ရေကန် တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်နှင့်အတူတူ CDF အရှိုလည်း ပါဝင်တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ၂ရက်နေ့က ရဲဘော်ဆလိုင်းနေမျိုးအောင် ကျဆုံးခဲ့သည်။