ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၂၄ ဉီး အထိ ရှိလာ

ဒီပဲယင်း၊ မေ ၁၄

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ကျောင်းသား/သူအရေအတွက် ၂၄ ဉီးအထိ ရှိလာကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မေ ၁၂ ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး နောက်တစ်ရက်အကြာ မေ ၁၃ ရက်နေ့တွင် ဒဏ်ရာရကလေးငယ်များအထဲမှ Grade 2 ကျောင်းသား မောင်အောင်ဇေယျ (အသက် ၈ နှစ်) ထပ်မံကွယ်လွန်ခဲ့ပြီး ယနေ့ မေ ၁၄ ရက်နေ့မနက်တွင် ဒဏ်ရာရကလေးငယ်များအထဲမှ Grade 2 ကျောင်းသူ မပြည့်ပြည့်ငြိမ်း (အသက် ၁၁ နှစ်) တို့ ထပ်မံကွယ်လွန်သွားခဲ့သဖြင့် လေကြောင်း ဗုံးကြဲခံရမှုတွင် စုစုပေါင်း ၂၄ ဉီး သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် မေ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ဘက်အခြမ်း၊ အိုးထိန်းတွင်းကျေးရွာရှိ အထက်တန်းအဆင့် စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား/သူ ၂၀ ဉီးနှင့် ဆရာမ ၂ ဉီးတို့ အခင်းဖြစ်နေရာ၌ ပင် သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၀၂ ဉီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လေကြောင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လေယာဉ်ပိုင်ဆိုင်သည့် တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့  အာဏာသိမ်းစစ်တပ်က ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကိုင်းငလျင်လှုပ်ခတ်သည့် မတ် ၂၈ ရက်နေ့မှစ၍ မေ ၉ ရက်နေ့အထိ တိုင်း/ပြည်နယ် ၁၃ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၃၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယင်း တိုက်ခိုက်မှုများအတွင်း ၃၃၄ ဉီးသေဆုံးကာ ၅၅၂ ဉီး ဒဏ်ရာရခဲ့ကြောင်း ၊ လူနေအိမ်ခြေ ၅၀၀ ကျော် ၊ စာသင်ကျောင်း ၄၀ ကျော်နှင့် ဘာသာရေးအဆောက်အဦ ၂၅ လုံး ထိခိုက်/ပျက်စီးခဲ့ကြောင်း မေ ၁၃ ရက်နေ့ NUG အစိုးရ၏ သတင်းထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။

ဗီဒီယို – U Ko Ko

Leave a Reply

Your email address will not be published. Required fields are marked *