ထီးခီးဗျူဟာစခန်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ တခေါ်ဘီခွီးတပ်စခန်းတို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထီးခီး၊ မေ ၉

တနင်္သာရီတိုင်း၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသအတွင်းရှိ ထီးထာဗျူဟာစခန်းကို ၂၀၂၅ ခုနှစ် ဧပြီလ (၁၉) ရက်နေ့နှင့် ထီးခီးဗျူဟာစခန်းကို မေလ (၉) ရက်နေ့တို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ် ရေး တပ်ဖွဲ့ (K.N.D.O) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များမှ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်လာသည်။

ထီးခီးစခန်းကို ယနေ့မနက် ၉ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း သိရပြီး အသေးစိတ်အချက်အလက်များကိုတော့ ဖော်ပြလာခြင်း မရှိသေးပေ။

၁၉၇၅ ခုနှစ်က ထီးခီးဒေသတွင် KNU  မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ် နှင့် တပ်မဟာဌာနချုပ် စတင်တည်ဆောက်ခဲ့ပြီး ထီးထာတွင် ရုံးအဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ (၅၅) နှင့် တပ်မ (၆၆) မှ ဦးဆောင်သော တပ်ရင်း (၂၀) ခန့်က မေဂျာအော်ပရေးရှင်း အနေဖြင့် ထီးခီးဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၇ ခုနှစ်တွင် ထီးခီးဒေသအား လက်လွတ်ခဲ့ရကြောင်း KNU က ဆိုသည်။

လက်ရှိအချိန်တွင် KNU အနေဖြင့် ထီးခီးဒေသအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်ကာကွယ်ရေး အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။

အလားတူပင် ယနေ့မနက် ၉ နာရီခန့်က ဖားအံခရိုင်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၄၊ အခြေချတပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး တပ်စခန်းကိုလည်း ဖားအံခရိုင်၊တပ်မဟာ(၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရှင်းလင်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။

ဓါတ်ပုံ − ထီးထဗျူဟာစခန်း နှင့် ထီးခီး ဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် တွေ့ရသော တော်လှန်ရေး ပူးပေါင်းတပ်များ။

Leave a Reply

Your email address will not be published. Required fields are marked *