

မဲဆောက်၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းက ပို့ဆောင်ပေးသည့် ပွဲစားများက စွန့်ပစ်သွားသဖြင့် ထမင်းငတ်ပြီး လိုက်လံတောင်းစားနေသည့် မြန်မာရွှေ့ပြောင်းသွားလာသူ ၆၀ ခန့် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဖေ့ခ်ျဘွန်ခရိုင် ခေါင်ခေါမြို့တွင် ကလေးငယ်အများအပြားပါဝင်သော မြန်မာရွှေ့ပြောင်းသွားလာသူ ၅၇ ဉီးသည် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုချစ်က ပြောသည်။
“အဖမ်းမခံရခင် အမျိုးသား ၂ဉီးက ထမင်းလိုက်တောင်းနေတာ။ ဒေသခံကတွေ့ပြီး ရဲကို တိုင်လိုက်တယ်။ အကုန်လုံးက တောထဲမှာ အစာရေစာငတ်ပြတ်ပြီး နွမ်းနေကြပြီ။ ၅၇ ဉီးထဲမှာ ကလေးများတယ် ။ ပွဲစားက ပစ်ထားခဲ့တာ” ဟု ၎င်းက ပြောပြသည်။
စားသောက်စရာလိုက်လံတောင်းနေသော အမျိုးသား ၂ ဉီးမှတဆင့် လိုက်လံစုံစမ်းရာ တောထဲတွင် အစာရေစာငတ်ပြတ်၍ စောင့်ဆိုင်းနေသော မြန်မာအမျိုးသား ၁၇ ဉီး၊ အမျိုးသမီး ၅ ဉီးနှင့် အသက် ၁၈ နှစ်အောက် လူငယ် ၃၅ ဉီး တို့ကို တွေ့ရှိ ခဲ့ရခြင်းဖြစ်သည်ဟု ထိုင်းသတင်းအချို့တွင် ဖော်ပြထားသည်။
အဆိုပါ ရွှေ့ပြောင်းသွားလာသူများသည် မဲဆောက်ဘက်မှ ဝင်ရောက်လာသူများဖြစ်ပြီး ပတ္တရားဘက်သို့ပို့ဆောင်ပေးမည်ဟု ပွဲစားများက ပြောကာ ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာာသိမ်းစစ်တပ်က ပြဌာန်းလိုက်သော စစ်မှုထမ်းဉပဒေကိုရှောင်တိမ်းရန်နှင့် စီးပွားရေးကြပ်တည်းမှုများကြောင့် မြန်မာလူငယ်/ လူရွယ်များသည် နိုင်ငံပြင်ပထွက်ခွာတိမ်းရှောင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်မှုထမ်းသက်အကျုံးဝင်သူများကို ပြည်ပထွက်ခွာခွင့်လည်း ပိတ်လိုက်သဖြင့် တရားမဝင်နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသူများ များပြားလာသလို တဖက်တွင်လည်း ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ- ကိုချစ် ဖေ့ဘွတ်