
စမွတ်ဆာခွန်၊ ဖေဖော်ဝါရီ ၉
News Ambassador
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်၊ ကထွန့်ဘင်မြို့တွင် စစ်ဘေးရှောင်များနှင့် PDF များအတွက် အလှူခံနေသော မြန်မာလူငယ် ၄ ဉီးကို ထိုင်းမျိုးချစ်အဖွဲ့က ရဲခေါ်၍ ဖမ်းဆီးခိုင်းခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၉ နာရီခန့်က ကထွန့်ဘင်မြို့ရှိ ကုန်းကျော်တံတားတခုတွင် မြန်မာ လူငယ် အမျိုးသား ၃ ဉီးနှင့် အမျိုးသမီး ၁ ဉီးတို့သည် ယင်းသို့အလှူခံနေစဉ် ထိုင်းမျိုးချစ်အဖွဲ့ရောက်ရှိလာပြီး တားမြစ်ကာ ထိုင်းရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်တန်း၍ ဖမ်းဆီးခိုင်းခဲ့ကြောင်း သိရသည်။
“ရဲတွေလာခေါ်သွားပါတယ်။ မနက်တုန်းကဖြစ်တာ။ ဗီဒီယိုထဲမှာတော့ ထိုင်းမျိုးချစ်အဖွဲ့ရောက်လာပြီး ဒါမင်းတို့နိုင်ငံမဟုတ်ဘူး။ မင်းတို့လုပ်ချင်တိုင်းလုပ်မရဘူးဆိုပြီး ပြောသွားတယ်” ဟု ထိုင်းရောက် မြန်မာများအရေး ကူညီဆောင်ရွက်နေသူ ၁ ဉီးက ပြောသည်။
ထိုင်းမျိုးချစ်အဖွဲ့ကို ထိုင်းမဘသ အဖွဲ့ဟုလည်း ခေါ်ဆိုကြပြီး ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများကို ပစ်မှတ်ထားကာ တိုင်တန်းဖမ်းဆီးခိုင်းနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။
ဖမ်းဆီးခံလိုက်ရသော မြန်မာလူငယ် ၄ ဉီးမှာ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့က ဖြစ်သည်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။
ပုံစာ- မနက်က အခင်းဖြစ်ပွားချိန် ထိုင်းမျိုးချစ်အဖွဲ့က ရိုက်ကူးထားသော ဗီဒီယို