

မိုးကုတ်မြို့၊ ဖေဖော်ဝါရီ ၁၀
ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညသန်းခေါင်အချိန်တွင် မန္တလေးတိုင်း မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၅ ဉီး သေဆုံးပြီး ၁၉ ဉီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ညသန်ခေါင်ယံအချိန်က မိုးကုတ်မြို့အနောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က Y8 လေယာဉ်ဖြင့် ဗုံး ၂၈ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
“၁၂ ထိုးပြီးတာနဲ့ စကြဲတာပဲ။ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်။ စုစုပေါင်း ၂၈ လုံး ကြဲတယ်။ လေယာဉ်နဲ့ပတ်ပြီး ၇ ကြိမ်လောက်ကြဲတယ်”ဟု ဒေသခံတဉီးက ပြောသည်။
တိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ဝင်းထရံလုပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသား ၅ ဉီး သေဆုံးပြီး အမျိုးသမီး ၅ ဉီးအပါအဝင် ၁၄ ဉီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကလည်း သတင်းထုတ်ပြန်လာသည်။
တိုက်ပွဲတစုံတရာမရှိဘဲ အာဏာသိမ်းစစ်တပ်က TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- TNLA