နေပြည်တော်၊ သြဂုတ် ၁
News Ambassador
ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၅) ဦးအပါအဝင် တပ်သားနှင့်ရဲ (၅၄) ဦး အလင်းဝင်ခဲ့ကြောင်း NUG က ကြေညာသည်။
အရာရှိအဆင့် ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၅) ဦးနှင့်ဗိုလ် (၁) ဦး အပါအဝင် တပ်သားနှင့်ရဲ (၅၄) ဦးသည် အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်သည်ဟု NUG က ကြေညာသည်။
အဆိုပါ (၅၄) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများလည်းရှိပြီး ၎င်းတို့ကို သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။
အလင်းဝင်လာသူများထံမှ လက်နက်မျိုးစုံ (၂၂) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း NUG ဘက်က အသိပေးထုတ်ပြန်ထားသည်။
ပုံစာ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းသို့ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသော တပ်သား (၁) ဦး
