စစ်မှုထမ်းဉပဒေအရ စုဆောင်းခံထားရသည့် စစ်ကောင်စီတပ်သား ၇ ဉီး  KNDF ထံ အလင်းဝင်

လွိုင်ကော်၊ ဇန်နဝါရီ ၂၆

ပြည်သူ့စစ်မှုထမ်းဉပဒေအရ စုဆောင်းခံရပြီး ရှေ့တန်းပို့ခံရသည့် စစ်ကောင်စီတပ်သား ၇ ဉီးသည် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ထံသို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုမှ လက်နက်မဲ့ထွက်ပြေးလာခဲ့သော ခမရ (၄၃၀) တပ်ရင်းမှ တပ်းသား (၃)ဦးသည်  ဇန်နဝါရီ (၁၉) ရက်နေ့တွင် KNDF သို့ ရောက်ရှိခိုလှုံလာခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု KNDF က ဆိုသည်။

လွိုင်လင်လေးမြို့အပြင်ရှိ ထီးစဲခါးကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့သော ခလရ (၂၄၇)  တပ်သား (၄)ဦး မှာ လည်း MA-3 (၃)လက် ၊ MA-1 (၁) လက်တို့နှင့်အတူ ဇန်နဝါရီ (၂၃) ရက်နေ့တွင် KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိခိုလှုံခဲ့ကြောင်း သိရသည်။

ထွက်ပြေးခိုလှုံလာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စစ်မှုထမ်းရန် ဆန္ဒလုံးဝမရှိကြဘဲ ပေါ်တာဆွဲခံရခြင်း ၊အတင်းအဓမ္မ စုဆောင်းခြင်းခံရသူများဖြစ်ကြောင်း၊  ရှေ့တန်းစစ်ဆင်ရေး တာဝန်ကျနေစဉ်အတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြခြင်းဖြစ်ကြောင်း KNDF က ထုတ်ပြန်ထားသည်။