စစ်ကောင်စီက လိုင်ဇာမြို့ထဲကို ဒရုန်းဖြင့် ဗုံး ၂ ကြိမ်ကြဲချ

လိုင်ဇာ၊ ဇန်နဝါရီ ၂၄

စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် KIA ထိန်းချုပ်မြို့တော် လိုင်ဇာမြို့အတွင်းသို့ ဒရုန်းဖြင့် ဗုံး ၂ ကြိမ် ကြဲချခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီခန့်တွင် တကြိမ် ၊ ၂ နာရီခွဲခန့်တွင် တကြိမ် ဒရုန်းဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ထံမှ သိရသည်။

ဗုံးသည် အရပ်သားပြည်သူများ နေထိုင်ရာ လိုင်ဇာမြို့အတွင်းရှိ ဟိုတယ်တခုအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“လူတော့ ထိခိုက်တာမရှိဘူး။ အဆောက်အဉီပဲ ပျက်စီးတယ်။ အခုနောက်ပိုင်း စစ်ကောင်စီက လိုင်ဇာကို လေယာဉ်နဲ့မကြဲတော့ဘူး။ တရုတ်ဘက်က ကန့်ကွက်တာတွေလုပ်လို့ ဒရုန်းနဲ့ပဲ ကြဲတယ်။ ကြားတာတော့ သူတို့ဒရုန်းက လေယာဉ်ပုံစံ ဒရုန်း၊ ပြီးတော့ အားလည်းအတော်ခံပြီး အဝေးကြီးလည်း ပြေးတယ်လို့ ပြောကြတယ်” ဟု လိုင်ဇာ ဒေသခံ တဉီးက ပြောသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်းမှာပင် စစ်ကောင်စီက လိုင်ဇာကို ဒရုန်းဖြင့် တကြိမ် ဗုံးကြဲခဲ့ဖူးသည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း ယင်းမှာ လိုင်ဇာမြို့ပြင်နေရာသာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုလည်း မသိရှိကြပေ။