





ချောင်းဉီး၊ မေ ၁၂
ယနေ့မနက်က စစ်ကိုင်းတိုင်း ချောင်းဉီးမြို့နယ်ရှိ မှန်ချိုကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၂ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၉ နာရီခန့်က မှန်ချိုကျေးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဖြစ်စဉ်တွင် ဒေသခံရွာသား ၂ ဉီ သေဆုံးပြီး အနည်းဆုံး ၇ ဉီး ဒဏ်ရာရခဲ့ကြောင်း ဒေသရှိ သတင်းရင်းမြစ်ထံမှ သိရသည်။
“၁၀ မိနစ်လောက်ခြားပြီး ၂ ကြိမ်ကြဲတာ။ လေယာဉ်နဲ့ပဲ ကြဲတာ။ အမျိုးသမီး ၂ ဉီး သေတယ်။ အမျိုးသား တစ်ဉီးကတော့ ဆေးရုံကို အသဲအသန်ပို့ရတယ်။ နောက်ထပ် ဒဏ်ရာရတာတွေလည်း ရှိသေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ယနေ့မနက်ပိုင်းမှာပင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲရာ ကျောင်းသားကလေးငယ် ၁၀ ဉီးကျော်နှင့် ဆရာမ ၁ ဉီးတို့ သေဆုံးခဲ့ရသည်။
အလားတူပင် ယနေ့မနက် အစောပိုင်းကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ် လယ်မရွာကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတစ်ခုက ဝင်ရောက်စီးနင်းပြီး ရွာသား ၁၁ ဉီးအား သတ်ဖြတ်သွားခဲ့သည်။
ဓာတ်ပုံ- Moe Gyoe