ခေါပုတ်စခန်းများ ထွက်ပြေးသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စကစ အလောင်း ၁၄ လောင်းနှင့် အရှင် ၁၇ ဦး ရရှိ

မြဝတီ၊ နိုဝင်ဘာ ၄

News Ambassador

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ခေါပုတ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထပ်မံတိုက်ခိုက်ရာ အလောင်း ၁၄ လောင်းနှင့် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းရာ ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း BPLA က သတင်းထုတ်ပြန်လာသည်။

အဆိုပါတိုက်ပွဲတွင် စကစ အလောင်း(၁၄)လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး(၃)ဦးအပါအဝင် စစ်သုံ့ပန်း(၁၇)ဦးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် BPLA ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့ကြောင်း ဆိုထားသည်။