ကျောက်ဂူဒေသကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သားပြည်သူ ၃ ဉီး သေဆုံး

ရပ်စောက်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်ဂူဒေသကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားရာ ဒေသခံအရပ်သားပြည်သူ ၃ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ နေလည် ၁၂ နာရီခွဲခန့်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် တစ်ကြိမ်၊ စုစုပေါင်း ဗုံးသီး ၅၀ ကျော် ကြဲချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) ထံမှ သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဉီး အသက်ဆုံးရှုံးခဲ့ရပြီး ကလေး ၁ ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ကျောက်ဂူဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့်  တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျောက်ဂူဒေသတိုက်ပွဲကြောင့် ဒေသခံ ထောင်နှင့်ချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။