ကုန်းလော(မြို့သစ်)တွင် စစ်ရှောင်နှင့်ဒေသခံများ ဝတ်ပြုဆုတောင်းနေစဉ် လေယာဉ်ဖြင့် ဗုံးကြဲခံရသဖြင့် ကလေးငယ်များ သေဆုံး (ကနဉီးသတင်း)

ဗန်းမော်၊ နိုဝင်ဘာ ၁၅

News Ambassador

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မြို့သစ်မြို့အနီး ကုန်းလောကျေးရွာတွင် စစ်ဘေးရှောင်နှင့်ပြည်သူများ ဝတ်ပြုဆုတောင်း (ကျေးဇူးတော်ချီးမွန်းနေစဉ်) စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ကလေးငယ်များ အပါအဝင် ၁၀ ဉီးခန့် သေဆုံးကြောင်း ကနဉီးသတင်းသိရသည်။

ယနေ့ညနေ ၄ နာရီခွဲခန့်က ကုန်းလောရွာရှိ ဘုရားရှိခိုးကျောင်းတွင် ဒေသခံပြည်သူများ ဝတ်ပြုဆုတောင်းနေစဉ် စစ်ကောင်စီက လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ဗန်းမော်-မိုးမောက် က ကုန်းလော။ ဗန်းမော်နဲ့ မိုးမောက်အကြားက ကုန်းလောမှာ စစ်ကောင်စီက လေယာဉ်နဲ့ချတာ ကလေးတွေအများကြီး သေသွားတယ်။ ဒီညနေ ၄ နာရီခွဲ။ ၈ ဉီးက ပွဲချင်းပြီး ဆုံးတယ်။ ဆေးရုံမှာ ၃ ဉီး ထပ်ဆုံးတယ်။ ထိခိုက်ဒဏ်ရာရသူက ၁၅ ယောက်/ ၁၆ ယောက်လောက်ရှိသေးတယ်။ တချို့မိဘတွေက သားသမီးပျောက်လို့ပျောက်မှန်း မသိသေးဘူး ” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များရရှိရန် ကြိုးစားနေပြီး သက်ဆိုင်ရာ အသင်းအဖွဲ့များကတော့ အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးပေ။

ဓာတ်ပုံနှင့် ဗီဒီယို-ဒေသခံ