




ကန့်ဘလူ၊ ဧပြီ – ၂၁
ယမန်နေ့ညက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၆ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၂၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ကိုးတောင်ဘို့တိုက်နယ်၊ သင်တောကျေးရွာကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး လုံး ကြဲချခဲ့ရာ ရွာရှိ ဒေါ်မူချို ဆိုသူပိုင်ဆိုင်သော ကုန်စုံဆိုင်အနီးသို့ ကျရောက်ပြီး အမျိုးသမီး ၃ ဉီးအပါအဝင် စုစုပေါင်း ၆ ဉီး သေဆုံးကာ ၂ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း Kawlin Info အဖွဲ့က သတင်းထုတ်ပြန်လာသည်။
သေဆုံးသူများမှာ သင်တောရွာမှ ဦးကျော်မင်းကြီး၊ ကိုဖိုးမော့၊ ကိုမင်းမင်း၊ ဒေါ်ခင်မာနှင်း၊ ဒေါ်စော နှင့် မမိသေး ဆိုသူတို့ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း သတင်းထုတ်ပြန်လာသည်။
တိုက်ပွဲတစုံတရာမရှိဘဲ ဆောင်ရွက်ခဲ့သော အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးနားရှိ နေအိမ်တစ်လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
သင်တောရွာသည် ကိုးတောင်ဘို့ရှိ စစ်ကောင်စီတပ်အထိုင်စခန်းနှင့် နီးကပ်သောကြောင့် ရွာသူ/သားများမှာ ရွာပြင်သို့ထွက်နေကြသည်က ပိုများကြောင်း ၊ ယခုနောက်ပိုင်းမှသာ ရွာထဲတွင် ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြခြင်းဖြစ်ကြောင်း ၊ ယခု လေကြောင်းပစ်ခံရသည့်အိမ်မှာ သင်တောရွာတွင် အကြီးဆုံး ကုန်စုံဆိုင်ကြီးဖြစ်ပြီး ငါးပုံစက်နှင့် ဆီစက်ပါရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)