




နေပြည်တော် ၊ ဧပြီ ၁၆
သင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၆ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်သည် ပြည်တွင်း၌ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစု ၂ စုမှ ဒေသခံပြည်သူ ၄ ဉီး သေဆုံးခဲ့ပြီး ၆ ဉီး ဒဏ်ရာရကာ ယင်းအထဲမှ ၁ ဉီး စိုးရိမ်ရအခြေအနေရှိနေကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့က ပြောသည်။
“ပစ်ခတ်ချိန်က ၁ နာရီ ၄၅ မိနစ်၊ တံတားဉီးက တက်တဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီး တစ်လုံးကြဲသွားတာ။ ၆ ဉီး ဒဏ်ရာရတယ်။ နေအိမ် ၂ လုံး ပျက်စီးတယ်။ ဆေးပေးခန်းနားကို ကြဲသွားတာ။ ဒဏ်ရာရတဲ့ ၆ ဉီးမှာ ၁ ဉီးက စိုးရိမ်ရတယ်။ ပွဲချင်းပြီး သေဆုံးတာကတော့ ကလေး ၁ ဉီး အပါအဝင် ၄ ဉီး ရှိတယ်။ တိုက်ပွဲတစ်စုံတရာမရှိဘူး။ ဒီတိုင်း သက်သက်ကြီး ကြဲသွားတာ” ဟု အဖွဲ့တာဝန်ရှိသူက ပြောပြသည်။
ယနေ့မနက် ၉ နာရီ၄၅ မိနစ်ခန့်ကလည်း စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တောင်ပိုင်းရှိ စစ်စည်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ရာ ဒေသခံပြည်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယနေ့တနေ့တည်းမှာပင် အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် နှင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်များအတွင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ-သစ်ဆိမ့်ရွာ လေကြောင်း တိုက်ခိုက်ခံရမှု