


ရွာငံ၊ ဧပြီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ-အောင်ပန်း လမ်းပိုင်းတွင် အာဏာသိမ်းစစ်တပ်မှ ဗိုလ်ကြီး မျိုးဇော်သန်း ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဓနုပြည်နယ်အမျိုးသားကာကွယ် ရေးတပ်တော် (DSNDA) မှ တပ်ဖွဲ့ဝင်အချို့သည် အဆိုပါ လမ်းပိုင်းတစ်နေရာတွင် စစ်ဆေးရေးလုပ်ဆောင်နေစဉ် မော်တော်ယာဉ်တစ်စီးကို မသင်္ကာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်တန့်ပေးပဲ နောက်ပြန်ဆုတ် မောင်းပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ ဖြစ်စဉ်တွင် ယာဉ်ပေါ်လိုက်ပါလာသူ သေဆုံးခဲ့ကြောင်း ၎င်းတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းနောက် မော်တော်ယာဉ်ကို စစ်ဆေးရာ သေဆုံးသွားသူမှာ အာဏာသိမ်းစစ်တပ်၏ ခမရ (၃၀၄-မတူပီ) တပ်ရင်းမှ ဗိုလ်ကြီး မျိုးဇော်သန်းဆိုသူဖြစ်ပြီး စစ်တပ်ထုတ် ပစ္စတိုသေနတ်တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး ၊ ကျည်ဆန်အချို့နှင့် ငွေသားအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ် ရေးတပ်တော် (DSNDA)၏ ထုတ်ပြန်ချက်အရ သိရသည်။
သိမ်းဆီးရရှိသောအချက်လက်နှင့် မြေပြင်စုံစမ်းချက်အရ ဗိုလ်ကြီး မျိုးဇော်သန်း သည် ရွာငံမြို့ မြောက်ဘက်ရှိ မြို့အထွက်ဂိတ်တွင် အာဏာအရှိဆုံးဖြစ်ကြောင်း DSNDA က ထုတ်ပြန်ထားသည်။