ဒီပဲယင်းတွင် စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲသဖြင့် ကျောင်းသား ၁၀ ဉီးကျော်နှင့် ဆရာမ ၁ ဉီးတို့ သေဆုံး၊ ဒဏ်ရာရသူ များပြား

ဒီပဲယင်း၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်ရှိ အိုးထိမ်းတွင်း(မြောက်)ကျေးရွာ အထက်တန်းကျောင်းကို ယနေ့မနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် အာဏာသိမ်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဉီးသတင်းသိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်  ကျောင်းသား/သူ ၁၃ ဉီးခန့်နှင့် ဆရာမ ၂ ဉီးတို့ သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဗုံးက ၂ လုံး ကြဲသွားတာ။ ဗုံးကြဲခံရခြင်း ပွဲချင်းပြီး သေဆုံးတာက ကလေး ၁၁ ဉီးနဲ့ ဆရာမ ၁ ဉီး၊ ဒဏ်ရာရတာတွေကတော့ အများကြီးပဲ။ ဒဏ်ရာရတဲ့အထဲက သေဆုံးတာ ထပ်ရှိသေးတော့ အရေအတွက်အတိအကျတော့ ပြောရခက်သေးတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ရရှိသော သတင်းအရမူ ကျောင်းဆရာမ ၁ ဉီး သေဆုံးပြီး နောက်ထပ် ကျောင်းဆရာ ၁ ဉီးမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသည် NUG အစိုးရက ဖွင့်လှစ်ထားသော စာသင်ကျောင်းဖြစ်ပြီး တိုက်ပွဲတစ်စုံတရာမရှိဘဲ အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ဒေသခံများ

Leave a Reply

Your email address will not be published. Required fields are marked *