ဂန့်ဂေါမြို့နယ် လယ်မကျေးရွာကို စစ်ကောင်စီတပ်စီးနင်းပြီး အရွယ်မရောက်သေးသည့် လူငယ် ၃ ဉီးအပါ ရွာသား ၁၁ ဉီးကို သတ်ဖြတ်သွား

ဂန့်ဂေါ ၊ မေ ၁၂

ယနေ့မနက်အစောပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊ လယ်မကျေးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး ၁၁ ဉီးကို သတ်ဖြတ်ကာ ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း  ခလရ ၅၀ မှ စစ်ကြောင်းတစ်ခုသည် ယနေ့မနက် အစောပိုင်း ၂ နာရီခန့်က လယ်မကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၄ ဉီး ၊ စေတနာ့ဝန်ထမ်း ၁ ဉီး နှင့် ရွာသား ၆ ဉီး စုစုပေါင်း ၁၁ ဉီးကို သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

အသတ်ခံရသူများတွင် အသက် ၁၃ နှစ်အရွယ်အထိ ပါဝင်ပြီး ကျော်စန်းခိုင် (၂၄ နှစ်)၊ သက်ပိုင်ဉီး (၂၃ နှစ်)၊ အောင်ကြည်မင်း (၃၉ နှစ်) ၊ နေလင်းဉီး (၂၅ နှစ်) ၊ ညီလေး (၂၇ နှစ်) ၊ ဂျွန်ကိုဝင်း (၁၉ နှစ်) ၊ သီဟလင်း (၁၅ နှစ် – ၉ တန်းကျောင်းသား)၊ မျိုးသီဟ ( ၁၅ နှစ် – ၉တန်းကျောင်းသား) ၊ လျှံထွန်း (၁၂ နှစ်- ၇ တန်းကျောင်းသား) ၊ ကျော်မြတ်သူ (၁၉ နှစ်) ၊ မှိုင်းဝေ (၁၃ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ကလေးများကို သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ပြီး လူကြီးများကို ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ ၂၃ ဦးကို  ဖမ်း‌ဆီးခေါ်ဆောင်ကာ ပြည့်ဝရွာ အမြှောက်တပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မနက်ပိုင်းတွင် ၁၃ ဉီး ပြန်လည်လွတ်မြောက်လာကြောင်း၊ ကျန် ၁၀ ဉီးမှာ အမျိုးသား ၇ ဉီးနှင့် အမျိုးသမီး ၃ ဉီးတို့ဖြစ်ကာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *