ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်း/အပြင်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေက ပွဲအခမ်းအနားတွေ အသီးသီး ကျင်းပခဲ့ကြသလို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အသီးသီးကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ကြရင်း ချင်းတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းစကားဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ချင်းတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုကြတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေဟာ မြေပြင်မှာတော့ နယ်မြေကျော်လွန်လှုပ်ရှားမှု အကြောင်းပြုပြီး အချင်းချင်း ထချနေကြပြန်ပါတယ်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ချင်းတစ်မျိုးသားလုံးစည်းလုံးဖို့အရေး ဦးတည်ရည်ရွယ်လို့ ချင်းပြည်ကောင်စီကို ဖွဲ့စည်းမှ အကွဲအပြဲဇာတ်တွေခင်း၊ တစ်ဖက်နဲ့တစ်ဖက် မျက်စောင်းခုတ် အပုတ်ချရင်း တစ်ဖက်နဲ့တစ်ဖက် လေလှိုင်းစစ်ပွဲတွေဖန်တီးရုံမက သေကြေဒဏ်ရာရတဲ့အထိ ပစ်ခတ်မှုတွေ ပြုလုပ်ကြပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရေးသားတဲ့ အခုဆောင်းပါးအတွက် ချင်းလက်နက်ကိုင် အစုအဖွဲ့တွေကို ဆက်သွယ်စဉ်က ချင်းပြည်သူတွေအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေပြီလားလို့ မေးမြန်းခဲ့ပေမယ့် “ချင်းပြည်သူတွေ လုံး၀ စိုးရိမ်စရာမလိုပါဘူး” ဆိုတဲ့ အာမခံချက် ကတိကဝတ်ကို ဘယ်တစ်ဦးတစ်ဖက်ကမှ ပေးနိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။
(အတိတ်ကိုထမ်းပိုးထားတဲ့ ပြဿနာတွေ)
ကိုလိုနီခေတ်က သွေးခွဲအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ ချင်းပြည်ဟာ လွတ်လပ်ရေးရပြီးချိန်မှာလည်း ပထဝီအနေအထား၊ လမ်းပန်းဆက်သွယ်ရေးချို့တဲ့လွန်းတာတွေက ချင်းလူမျိုးတွေအတွက် တစ်တောင်ကျော် စနစ်တစ်ခု၊ တစ်တောင်ကျော် တစ်နယ်မြေ ကွဲပြားစေခဲ့ပြီး ကိုယ့်နည်းစနစ်နဲ့ကိုယ် အုပ်ချုပ်စေဖို့ တွန်းအားပေးခဲ့ပြန်ပါတယ်။
များပြားလွန်းတဲ့ မျိုးနွယ်စုတွေရဲ့ကြားထဲက ပြိုင်ဆိုင်မှု၊ နယ်နမိတ် အငြင်းပွားမှုတွေဟာ ဒီကနေ့ ကိုယ်စီကိုယ်စီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာတဲ့အချိန်တိုင်အောင် သက်ရောက်မှုရှိနေတယ်လို့ လက်ရှိ ချင်းပြည်စည်းလုံးရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ ချင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။
“ချင်းမှာက မျိုးနွယ်စုများသလို ဒေသအလိုက် ကွဲပြားမှုတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ကြောင့် အချင်းချင်းကြား ရင်းနှီးမှု အတော်လေး အားနည်းခဲ့တယ်။ အဲဒါကြောင့်ပဲ ဘုံရန်သူရှိသည့်တိုင် အချင်းချင်းကြားထဲမှာ ရန်စွဲရှိတာ၊ သဘောထားမတိုက်ဆိုင်မှုရှိခဲ့တာတွေက အခု လက်နက်နဲ့ ဖြေရှင်းတာမျိုးတွေ ဖြစ်လာတယ်” လို့ ၎င်းက ပြောပါတယ်။
မျိုးနွယ်စုတစ်ခုထဲမှာ လက်နက်ကိုင် ၂ ဖွဲ့ ရှိတဲ့ကိစ္စ၊ အဲ့ဒီ ၂ ဖွဲ့ကလည်း နိုင်ငံရေးရည်မှန်းချက် မတူညီတဲ့အခါ ပေါင်းစည်းမရဖြစ်ပြီး ဘယ်အဖွဲ့က မျိုးနွယ်စုကိုကိုယ်စားပြုမလဲ ဆိုတဲ့ကိစ္စကလည်း လက်ရှိမှာ စိန်ခေါ်မှုကြီးမားတဲ့ ပြဿနာဖြစ်သလို အနာဂတ်မှာလည်း ဖြေရှင်းရခက်နေဦးမယ်လို့ ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက ကောက်ချက်ချကြပါတယ်။
ဒီလို နိုင်ငံရေး အမြင် ၊ သဘောထား၊ မျှော်မှန်းချက် မတူကွဲပြားတဲ့ ဆန္ဒတွေဟာ အရင်က ကိုယ်စီ အဖွဲ့အစည်းအတွင်းမှာပဲ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းမှုဖြစ်ပြီး ၃ နှစ်လောက်အကြာမှာတော့ ထိပ်တိုက်တွေ့စေမယ့် အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။
(ချင်းပြည်ကောင်စီ နဲ့ အကွဲအပြဲဇာတ်လမ်း)
နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်တဲ့ လက်ရှိအချိန်မှာ ချင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်း ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချင်းပြည်မှာ မြို့ကြီး ၉ မြို့ရှိပြီး အဲ့ဒီ အထဲမှာ မြို့ငယ် ၁၁ မြို့ ရှိပါတယ်။ လက်ရှိအချိန်အထိ မြို့နယ် ၈ မြို့ဖြစ်တဲ့ နှာရိန်းမြို့ (ထန်တလန်မြို့နယ်)၊ ဆူရ်ခွားမြို့ (ဟားခါးမြို့နယ်)၊ မကွီးအိမ်နူးမြို့ (မင်းတပ်မြို့နယ်)၊ ဝေဘူလမြို့ နဲ့ ရိခေါဒါရ်မြို့ (ဖလမ်းမြို့နယ်)၊ လိုင်လင်းပီမြို့ နဲ့ ရေဇွာမြို့ (မတူပီမြို့နယ်)၊ ကျင်ဒွေးမြို့ (ကန်ပက်လက်မြို့နယ်) တွေကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူ စိုးမိုးထားနိုင်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မကြာခင်မှာပဲ ချင်းပြည်မှာ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC နဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေအားလုံး စစ်ရေးအရ ပူးပေါင်းပါဝင်ကြတဲ့ ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ CJDC ဆိုတာ ရှိခဲ့ပါတယ်။ အဲ့ဒီ CJDC ရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ပဲ ချင်းပြည်ရဲ့ ကျင်ဒွေးမြို့ကလွဲလို့ ကျန် မြို့ငယ် ၇ မြို့ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
ICNCC နဲ့ CJDC မှာ ပါဝင်တဲ့ ချင်းနိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ချင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေးကို ထိန်းကျောင်းမောင်းနှင်မယ့် ချင်းပြည်ကောင်စီ (chinland council) နဲ့ ချင်းပြည်အစိုးရ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေစဉ်မှာပဲ အကွဲအပြဲ စတင်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်ဟာ ချင်းပြည်ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးချိန်လည်းဖြစ်တယ်လို့ CJDC အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၅ ရက်နေ့မှာ CJDC အဖွဲ့ဝင်ဖြစ်ကြတဲ့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)နဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland) တို့က လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး CNF က ဦးဆောင်ကျင်းပမယ့် ချင်းပြည်ကောင်စီဖြစ်မြောက်ရေး ညီလာခံကို မတက်ရောက်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒီညီလာခံဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အပြင် တန်းတူညီမျှမှုလည်း မရှိတာကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။
ဒီလိုကန့်ကွက်မှုတွေရှိနေတဲ့အထဲကပဲ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယားစခန်းမှာ ချင်းပြည်ညီလာခံကိုခေါ်ယူလိုက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ ချင်းပြည်ကောင်စီ (chinland council) ကို အတည်ပြုဖွဲ့စည်းလိုက်ပါတယ်။ ကောင်စီမှာ တော်လှန်ရေးသက်တမ်း နှစ် ၃၀ လောက်ရှိတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ CNF က အစုအဖွဲ့တစ်ခုအနေနဲ့ ထိုင်ခုံ ၂၇ နေရာ၊ ၂၀၂၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်တွေက အစုအဖွဲ့တစ်ခု ၂၇ နေရာ၊ မြို့နယ်/ဒေသ အသီးသီးရဲ့ ကိုယ်စားလှယ်တွေက အစုအဖွဲ့တစ်ခုအဖြစ် ၈၆ နေရာ ယူခဲ့ကြပါတယ်။
ချင်းပြည်ကောင်စီရဲ့ ပထမအကြိမ်ညီလာခံကို ဒီဇင်ဘာလမှာပဲ ဆက်လက်ကျင်းပခဲ့ပြီး မူကြမ်းအဖြစ် ရေးဆွဲပြီးသား ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။
ချင်းတိုင်းရင်းသားလူငယ်ကတော့ ချင်းပြည်ကောင်စီဖွဲ့စည်းမှုဟာ အားနည်းပြီး အုပ်စုတစ်စုရဲ့ လွှမ်းမိုးမှုအောက်ကနေ ပေါ်လာတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
” သူတို့ဖွဲ့တဲ့ဟာကို အားပေးတယ်ဆိုပေမယ့် တစ်ကယ်ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့တွေ မပါတာကို တွေ့ရတဲ့အတွက် သဘောတော့ သိပ်မကျဘူး။ ပြည့်စုံတဲ့စုဖွဲ့မှု မဟုတ်ဘူးလို့ မြင်တယ်။ မျိုးနွယ်စုများတဲ့ ချင်းမှာ တစ်ချိန်ချိန်ကြရင် ပြဿနာတက်ကိုတက်နိုင်တဲ့ ကိစ္စ။ အခုလည်း တချို့ပြဿနာလေးတွေ ရှိလာပြီ။ စုဖွဲ့မှုပုံစံက ကိုယ်နဲ့ရင်းနီးရာ အုပ်စုနဲ့ စုဖွဲ့တဲ့ပုံစံမျိုးဖြစ်တော့ အချင်းချင်းကြားထဲမှာ အဆင်မပြေတာတွေ အများကြီးပေါ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
ချင်းပြည်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဆလိုင်းပေါလ်က ကောင်စီမှာ CNF ကို ထိုင်ခုံနေရာ ၂၇ နေရာပေးတာဟာ အားလုံးရဲ့ သဘောတူညီမှုလို့ တုံ့ပြန်ပါတယ်။ အဲ့ဒီလို ၂၇ နေရာပေးထားပေမယ့် ဒါကိုအသုံးပြုနိုင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/ဖြည့်စွက်ဖို့ မဲခွဲဆုံးဖြတ်တဲ့နေရာပဲရှိပြီး မူဝါဒရေးဆွဲမယ့် ကဏ္ဍတွေမှာ မသုံးထားဘူးလို့ ဆိုပါတယ်။
” နေရာတိုင်းမှာ အစုအဖွဲ့ကို အခြေခံရမယ်ဆိုတာက ဖွဲ့စည်းပုံမှာ မပါဘူး။ ကျနော်တို့သွားတဲ့ ကိစ္စတွေတိုင်းမှာလည်း ညှိနှိုင်းပြီး သဘောထားစုတဲ့ ပုံစံမျိုး သွားတယ်။ ကောင်စီကိုကြည့်တဲ့အခါ အဖွဲ့ဝင်တွေကိုမကြည့်ဘဲနဲ့ ဖွဲ့စည်းပုံကို အသေးစိတ်ကြည့်ရင် ဘာကိုရည်ညွှန်းသလဲ ဘာတွေလုပ်မလဲဆိုတာ ပိုပြီးတော့မြင်နိုင်တယ်” လို့ ဆလိုင်းပေါလ်က ဖြေရှင်းပါတယ်။
ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်/ဖြည့်စွက်ချင်ရင်တော့ ကောင်စီဝင် ၆၅ ရာခိုင်နှုန်းက ထောက်ခံရမယ်လို့ ရေးဆွဲထားပါတယ်။ ဒီကိစ္စအပြင် တခြား သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် ဘာတွေဖြစ်တယ် ဆိုတာကိုတော့ ဆလိုင်းပေါလ်က တိတိကျကျ မပြောဆိုပါဘူး။
မတူပီမြို့နယ် CDM သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သလို ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်တဲ့ ဆလိုင်းခိုင်ဆာ့ ကတော့ ချင်းပြည်ကောင်စီမှာ အဖွဲ့စုံမပါတဲ့ကိစ္စဟာ အရင်ကတည်းကရှိတဲ့ သဘောထားကွဲလွဲမှုတွေကြောင့်လို့ ထောက်ပြပါတယ်။
” CC(ချင်းပြည်ကောင်စီ)မဖွဲ့ခင် CJDC စဖွဲ့ပြီး မကြာခင်မှာပဲ သဘောထားကွဲလွဲမှုက ရှိနေပြီ။ CNF ရဲ့ မူဝါဒနဲ့ CDF အဖွဲ့တချို့ရဲ့ မူဝါဒ၊ ချင်းအမျိုးသား တည်ဆောက်ရေး အယူအဆ၊ သဘောထားခံယူချက်တွေ ကွဲလွဲနေလို့။ CJDC အဖွဲ့ဝင် လက်ခံရေးမှာလည်း ပဋိပက္ခ ရှိခဲ့တယ်။ မျိုးနွယ်စု ကိုယ်စားပြုမှု ပြဿနာ၊ အဖွဲ့အစည်း ကိုယ်စားပြုမှု ပြဿနာတွေလည်း ရှိတယ်” လို့ သူက ဆိုပါတယ်။
(ချင်းညီနောင်မဟာမိတ်အဖွဲ့ ပေါ်ပေါက်ခြင်း)
ချင်းပြည်ကောင်စီရဲ့ ညီလာခံကို မတက်ရောက်တဲ့ ချင်းလက်နက်ကိုင် ၃ ဖွဲ့ ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ “ချင်းညီနောင် ” အမည်ရတဲ့ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ရဲ့ မူဝါဒအထဲမှာ အဖွဲ့ဝင်တစ်ဖွဲ့ဖွဲ့အပေါ် စစ်ရေးအရ ကျူးကျော်ထိပါးလာရင် ကျန်တဲ့အဖွဲ့တွေကပါ ပါဝင်တိုက်ခိုက်သွားမယ် ဆိုတဲ့အချက် ပါဝင်နေပါတယ်။
ကောင်စီက အတည်ပြုလိုက်တဲ့ ချင်းပြည် ခြေ/ဥအရ ချင်းလက်နက်ကိုင်အားလုံးဟာ ချင်းပြည်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိနေရမယ်ဆိုတဲ့အချက် ပါဝင်လာတဲ့အခါ ကောင်စီကို ထောက်ခံသူ/မထောက်ခံသူတွေ အားလုံး စုဖွဲ့ပါဝင်နေတဲ့ CJDC ကို ဖျက်သိမ်းလိုက်ရပါတော့တယ်။ ဒါကြောင့် ကောင်စီကို မထောက်ခံတဲ့အဖွဲ့တွေက ချင်းညီနောင်အဖွဲ့ကို တည်ထောင်လိုက်တာလို့ ဆိုပါတယ်။
ချင်းညီနောင်မဟာမိတ်အဖွဲ့ဝင် CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ” ချင်းညီနောင်အဖွဲ့က ချင်းပြည်ကောင်စီအပေါ်မှာ သဘောထားကွဲလွဲတာကနေ ပေါ်လာတာမျိုးတော့ မဟုတ်ဘူး။ အစကတည်းက မဟာမိတ်အနေနဲ့ သွားထားပြီးသား။ ကျနော်တို့လက်နက်ကိုင်အားလုံး ပါဝင်နိုင်အောင် စုစည်းထားတဲ့ CJDC ကို ဖျက်သိမ်းလာတဲ့အခါ ကျနော်တို့ မဟာမိတ်တွေပါတဲ့ အဖွဲ့ကို ပြန်အသက်သွင်းရတဲ့ သဘောဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီလို အခင်းအကျင်းတွေဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကန်ပက်လက်မြို့နယ်အခြေစိုက် CDF ကန်ပက်လက်ဟာ ၂ ခြမ်းကွဲပါတယ်။ CDF ကန်ပက်လက်မှာ တပ်ရင်း ၇ ရင်းရှိတဲ့အနက် ဗစ်တိုးရီးယား၊ တူမီး၊ မဟူရာ၊ ခေါနု ၊ ဗိုကော့ စတဲ့ တပ်ရင်း ၅ ရင်းဟာ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ကို ဝင်ရောက်ပူးပေါင်းကြောင်း ကြေညာပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဗစ်တိုးရီးယားတပ်ရင်းကို ဆက်သွယ်မေးမြန်းရာ တပ်ရင်းတာဝန်ရှိသူက ဒီအချိန်မှာ အချင်းချင်းကြား ပွတ်တိုက်မှုတွေ ပိုကြီးမားလာမှာ စိုးရိမ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း နေနေရတယ်လို့ အကြောင်းပြပြီး ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
” တချို့ကိစ္စတွေမှာ ကျမတို့လုပ်ရပ်ကို ဝေဖန်ကြသူတွေရှိပေမဲ့ မှန်ကန်တဲ့လမ်းကို လျှောက်ပြနေသူတွေမို့ နိုင်ငံ့အရေးမှာရော တော်လှန်ရေးမှာရော Victoria တပ်ရင်းက လိပ်ပြာလုံတယ်ဆိုတာ သိထားစေချင်ပါတယ်” လို့ တပ်ရင်းတာဝန်ရှိသူက ပြောခဲ့ပါတယ်။
မတူပီမြို့နယ်အတွင်းက လိုင်လင်းပီမြို့မှာ မရာလူမျိုးစု လက်နက်ကိုင် ၂ ဖွဲ့ရှိတဲ့အနက် MTC/MDF အမည်ရတဲ့အဖွဲ့ဟာ ၂၀၂၄ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ထဲ ပူးပေါင်းကြောင်း ကြေညာခဲ့ပါတယ်။ နောက်ထပ် မရာ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ CDF Mara(မရာ) ကတော့ ချင်းပြည်ကောင်စီအစုအဖွဲ့မှာ ကျန်ရှိနေပါတယ်။
(မရာနယ်မြေအရေးနဲ့ ကိုယ်စားပြုမှုပြဿနာ)
မတူပီမြို့နယ်အတွင်းက လိုင်လင်းပီမြို့ဟာ မရာမျိုးနွယ်စုရဲ့နယ်မြေမြို့ဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီထံကနေ ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လို့ CNF အစုအဖွဲ့ဘက်က ထိန်းချုပ်ထားပါတယ်။
မရာနယ်မြေမှာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက မရာစစ်တပ် (Mara Army-MA) ဆိုတာရှိခဲ့ဖူးပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ CDF Mara ဆိုတဲ့ အမည်နဲ့ မရာလူမျိုးစု လက်နက်ကိုင်အဖွဲ့ကို မရာလူငယ်အဖွဲ့ချုပ်၊ မရာကျောင်းသားအဖွဲ့ချုပ်၊ မရာနယ်CDM အင်အားစု ဆိုတဲ့ အစုအဖွဲ့ ၃ ခုက စတင်ဖွဲ့စည်းခဲ့တယ်လို့ စတင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီဖွဲ့စည်းမှုမှာ အရှေ့မရာနယ်မြေနဲ့ အနောက်မရာနယ်မြေမှာရှိတဲ့ MTP လူငယ်အဖွဲ့ချုပ် ၊ MSO/MSA ကျောင်းသားအဖွဲ့ချုပ်၊ MCHP အမျိုးသမီးအဖွဲ့ချုပ် ၊ MADC – Mara Autonomous Distric Council ၊ အိန္ဒိယနိုင်ငံဘက်အခြမ်း မရာနယ်မြေက ရပ်/ကျေး အားလုံးပါခဲ့တယ်လို့ သိရပါတယ်။
“မရာနယ်မှာ လက်နက်ကိုင် ၂ ဖွဲ့ရှိတာ မကောင်းဘူးဆိုပြီး မရာပြည်သူ့ညီလာခံကျင်းပပြီး Mara Army နဲ့ CDF Mara ကို MTC/MDF ဆိုပြီး ဖွဲ့စည်းလိုက်တယ်။ ဒါပေမဲ့ MTC/MDF အတွက် ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ အရင် CDF Mara တုန်းက အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ မရာလူမျိုး ပူးဘွေကုန်း နဲ့ လူတစ်စုက ဝင်အရွေးမခံဘူး။ ပြီးတော့ သူတို့ကပဲ CDF Mara ဆိုတဲ့ နာမည်ကိုပြန်ယူပြီး လက်နက်ကိုင်အဖွဲ့ ပြန်ဖွဲ့လိုက်တယ်” လို့ ၎င်းက ပြန်ပြောင်းပြောပြပါတယ်။
“တစ်ကယ်တော့ ပြန်စဉ်းစားကြည့်ရင် ပူးဘွေကုန်းတို့က CNF နဲ့ ကြိုပြီးညှိနှိုင်းထားတာ ဖြစ်မယ်။ ဘာလို့လဲဆို အရင် CDF Mara ကနေ MTC/MDF ကို ပြောင်းဖွဲ့စည်းပြီးတော့ CJDC အဖွဲ့ဝင်ဖြစ်တဲ့အတွက် CNF ဌာနချုပ်ကို အဲ့ဒီအကြောင်း သွားသတင်းပို့တယ်။ သွားသတင်းပို့တဲ့သူက အခုလက်ရှိ CNF ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာရွှေခါးရ် ၊ ဆလိုင်းထက်နီတို့နဲ့ ဆွေးနွေးခဲ့သေးတယ်။ ဒါပေမဲ့ သိပ်မကြာဘူး ၂၀၂၂ မတ်လလောက်မှာ MTC/MDF ကို CJDC ကနေ ထုတ်လိုက်တယ်။ CJDC ထဲမှာ မဲခွဲဆုံးဖြတ်တာမလုပ်ဘဲ သဘာပတိဖြစ်တဲ့ CNF က သူ့သဘောနဲ့သူ ထုတ်ပစ်တာ။ ပြီးတော့ ပူးဘွေးကုန်းတို့ရဲ့ CDF Mara အဖွဲ့အသစ်ကို လက်ခံလိုက်တယ် ” လို့ ၎င်းက ဆက်ပြောပါတယ်။
ပူးဘွေကုန်း တို့ဖွဲ့စည်းလိုက်တဲ့ CDF Mara အဖွဲ့သစ်ဟာ လက်ရှိ ချင်းပြည်ကောင်စီမှာလည်း အဖွဲ့ဝင်ဖြစ်ပြီး ပူးဘွေကုန်း က ကောင်စီရဲ့ ဒုဥက္ကဌ ၂ အဖြစ် တာဝန်ယူထားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံဘက်အခြမ်းက မရာနယ်မြေမှာ စုစုပေါင်း ကျေးရွာ ၆၄ ရွာရှိတဲ့အနက် ကျေးရွာ ၇ ခုဟာ ပူးဘွေကုန်းတို့ရဲ့ CDF Mara ကို ထောက်ခံနေပြီး ကျန်တဲ့ ရွာပေါင်း ၅၀ ကျော်ကတော့ MTC/MDF ကို ထောက်ခံနေတယ်လို့ မရာနိုင်ငံရေးအသိုင်းကနေ စုံစမ်းသိရပါတယ်။ NUG အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဖြစ်တဲ့ ဒေါက်တာ ဆာဆာ ဟာ မရာမျိုးနွယ်စုဝင်ဖြစ်ပြီး သူ့ရဲ့ ဆွေမျိုးတွေနေရာ လိုင်လင်းပီမြို့၊ လိုင်လင်းသဲရွာ၊ ပါဆင်းရွာဟောင်း တို့ဟာ CDF Mara ကို ရွာလုံးကျွတ် ထောက်ခံခဲ့တယ်လို့ မရာဒေသခံတစ်ဦးက ပြောပါတယ်။ CDF Mara ကို ထောက်ခံတဲ့ နောက်ထပ် ၄ ရွာကတော့ ငဖိုင်သဲ၊ ငဖိုင်ကြီး၊ လုံကြွေးပီ၊ လိုင်လင်း စတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
မရာ လက်နက်ကိုင်အဖွဲ့ ၂ ခု ရှိလာတဲ့အခါ မရာလူမျိုးစုကို ကိုယ်စားပြုတာက ဘယ်အဖွဲ့လဲ ဆိုတဲ့ ကိစ္စက အငြင်းပွားစရာဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မရာလူထု အများစုထောက်ခံတဲ့ MTC/MDFကို CNF အစုအဖွဲ့ဘက်က မရွေးချယ်ခဲ့တာကြောင့် အငြင်းပွားရတာလို့ ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းခိုင်ဆာ့က ကောက်ချက်ဆွဲပါတယ်။
ချင်းပြည်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းပေါလ် က “ကောင်စီမှာပါဝင်နေတာက CDF Mara ဖြစ်တယ်။ ပြီးတော့ သူတို့အချင်းချင်းကြားထဲမှာ ညှိနှိုင်းဖို့ ကောင်စီမပေါ်ခင် CJDC ကတည်းက ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ နှစ်ဖက်ရဲ့ နိုင်ငံရေးမျှော်မှန်းချက်/ရည်မှန်းချက်တွေ မတူတော့ အခုထိ ပေါင်းစည်းလို့မရဘူးဆိုတာ လက်တွေ့ပေါ့။ တချို့ကိစ္စတွေမှာ ကျနော်တို့ရဲ့ ပေါ်လစီ၊ လမ်းစဉ်၊ ဦးတည်ချက်တွေက မတူညီတဲ့အခါ ဖြေရှင်းအဖြေရှာရတာပေါ့။ ဒီနေရာမှာ သွေးထွက်သံယိုမှု အနည်းဆုံးလမ်းကိုတော့ ရှာရမှာပေါ့” လို့ ပြောပါတယ်။
MTC /MDF ကို CNF အစုအဖွဲ့ဘက်က မရွေးချယ်ခဲ့ဘူးဆိုတဲ့ စွပ်စွဲသုံးသပ်ချက်တွေနဲ့ပတ်သက်လို့ အဲ့ဒီဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးက အခုလို ပြောဆိုထားပါသေးတယ်။
” စစချင်းတော့ MDF လည်း မရှိဘူး CDF လည်း မရှိဘူး။ လက်နက်ကိုင်တော်လှန်ရေး စတော့မယ့်အချိန်မှာ AA ကိုသွားတဲ့ အုပ်စုရှိတယ်၊ CNF ကိုသွားတဲ့ အုပ်စုလည်းရှိတယ်။ သူတို့မှာကြားကာလ လူထုညီလာခံရဲ့ အဆုံးအဖြတ်ကိုယူကြတယ်။ လုပ်ကြတော့ မရာရွာပေါင်း ၆၀ ကျော်မှာ ရွာတော်တော်များများက MTC ကို လက်ခံကြတယ်။ ၁၀ ရွာလောက်ကပဲ CDF ဆိုတာကို ဆက်သုံးစေချင်တယ်။ သူတို့သဘောတူထားတာက ကောင်စီမှာ အများစုရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ်ပေါ့လေ၊ ဒီမိုကရေစီသဘောအရ။ အဲ့ဒါကို CDF မရာက မလိုက်နာခဲ့ဘူးပေါ့လေ။ နောက်တစ်ခုက MDF အနေနဲ့ ကြားကာလမှာ CJDC ထဲမှာပါဖို့ လျှောက်ထားတာရှိတယ်။ အဲ့ဒီကြားကာလမှာ သူ့ကို CDF မရာနဲ့ပူးပေါင်းဖို့ဆိုပြီး တိုက်တွန်းကြတယ်။ ဒါပေမဲ့ သူတို့က ဘယ်လိုမှ မပူးပေါင်းနိုင်ဘူး ဖြစ်ကြတယ်။ နောက်ပြီးတော့ MDF ကိုယ်တိုင်က သူ့ကိုယ်သူ ချင်းဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး ရှောင်တယ်။ ချင်းဆိုတဲ့နာမည်ကို မသုံးတော့ CJDC မှာ မပါခဲ့ဘူးပေါ့လေ။ CJDC ဘက်က ငြင်းလိုက်တာ။ သူ့အနေနဲ့ ချင်းဆိုတဲ့အသုံးကိုသုံးဖို့၊ ဥပမာ MDF (Chin) ဆိုတဲ့ အသုံးအနှုန်းမျိုး သုံးဖို့။ ဒါပေမဲ့ အဲဒီညှိနှိုင်းချက်တွေက အဆင်မပြေတော့ CJDC အထဲမှာ သူမပါလာတော့ဘူးပေါ့လေ။ ဒါကြောင့်လည်း AA နဲ့ပိုပြီးတော့ နီးကပ်သွားစေတယ်နဲ့ တူပါတယ်”လို့ ချင်းတော်လှန်ရေးရဲဘော်က ပြောပါတယ်။
ဒီဆောင်းပါး မရေးသားခင်၊ ရေးသားနေတုန်း ကာလတွေမှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောခွင့်ရ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုဥက္ကဌ ဒေါက်တာရွှေခါး ၊ အတွင်းရေးမှူး ဆလိုင်းထက်နီတို့က အကြိမ်ပေါင်းမြောက်များစွာ ဆက်သွယ်ပြီး သဘောထားမှတ်ချက်တောင်းခံဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူတို့အားလုံးက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
(မရာ ၂ ဖွဲ့ ပဋိပက္ခ နဲ့ ချင်းပြည်ကောင်စီ အကွဲအပြဲ နောက်ကွယ်က ပလက်၀ ပြဿနာ)
ပလက်၀မြို့နယ်ဟာ ချင်းပြည်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး သူနဲ့ ဆက်စပ်နေတာကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖြစ်ပါတယ်။ ပလက်၀မြို့နယ်အထဲမှာ ဆမီးမြို့ငယ်လေး ရှိပါသေးတယ်။ အင်္ဂလိပ်ခေတ်က ပလက်၀ကို ရခိုင်တောင်တန်းဒေသနဲ့ ပူးတွဲအုပ်ချုပ်ခဲ့ပေမယ့် အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာတော့ ချင်းပြည်ဧရိယာအတွင်း ပါဝင်ခဲ့ပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပလက်၀မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းတွေကို ရက္ခိုင့်တပ်မတော် AA က တိုက်ခိုက်သိမ်းပိုက်ပြီး ၂၀၂၄ ဇန်နဝါရီ ၁၄ ရက်နေ့မှာ တစ်မြို့လုံးကို အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာ ချင်းလက်နက်ကိုင်အဖွဲ့အချို့ AA နဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ တိကျတဲ့သတင်းတွေ ရှိနေပေမယ့် ဘယ်အဖွဲ့တွေ ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြု ထုတ်ပြန်ခြင်း မရှိပါဘူး။
လက်ရှိ ပလက်၀မြို့နယ်အတွင်းမှာ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF-ပလက်၀ အခြေစိုက်ပြီး သူနဲ့ မဟာမိတ်ပြုထားတဲ့ CNF လည်း လှုပ်ရှားပါတယ်။ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ပြီး ပလက်၀မြို့ကို AA က သိမ်းယူလိုက်တာက CNF အစုအဖွဲ့အတွက် မကျေလည်စရာဖြစ်နေတယ်လို့ ချင်းနိုင်ငံရေးသမားအချို့က ကောက်ချက်ချကြပါတယ်။
မင်းတပ်မြို့ မှာနေထိုင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမာန်အွမ် ကတော့ တစ်နေ့မှာ သူပိုင်တယ် /ကိုယ်ပိုင်တယ် အငြင်းပွားလာနိုင်တဲ့ ပလက်၀အရေးနဲ့ပတ်သက်ပြီး ” အငြင်းအခုန်တွေမဖြစ်ချင်လို့ရှိရင် ကျနော်တို့မှာ နည်းလမ်းကတစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ ပလက်၀နယ်နမိတ်ထဲမှာ ၂၀၁၀ မတိုင်ခင်မှာရှိနေတဲ့ ၊ ၂၀၁၀ နောက်ပိုင်း ပြောင်းရွှေ့သူတွေ မဖြစ်ရဘူးပေါ့လေ။ နေထိုင်နေတဲ့သူတွေရဲ့ သဘောဆန္ဒကို ကောက်ခံပြီးတော့ ကျနော်တို့က ချင်းပြည်အဖြစ် ဧရိယာသတ်မှတ်မလား။ ဒါမှမဟုတ် ရခိုင်ဧရိယာအဖြစ် သတ်မှတ်မလားဆိုတာ သဘောထားဆန္ဒကောက်ခံပြီး အဖြေထုတ်တာနဲ့ စစ်ရေးအရဖြေရှင်းတာ ၂ ခုပဲရှိတယ်။ ကျနော်တို့ ချင်းလူမျိုးတိုင်းက ပလက်၀ကို AA က သိမ်းတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ အပိုင်ယူမယ်ဆိုရင်တော့ ကျနော်တို့က ကြိုက်မှာမဟုတ်ဘူး။ ကျနော်တို့ရဲ့ အင်အားနဲ့ စကားပြောရမယ့် အခြေအနေမျိုး ဘာမှမရှိသေးတဲ့ အခြေအနေမျိုးမှာ ဆန္ဒကိုသာပြောခွင့်ရမယ်ဆို ပလက်၀က ချင်းပြည်ပဲ။ သိမ်းပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ကြားကာလ ဒီမှာ စီမံအုပ်ချုပ်မှုတွေလုပ်ဦးမယ် တစ်ကယ်လို့ အတူတူရုန်းထွက်ပြီး အတူတူ လွတ်လပ်ရေးယူမယ်ဆိုတဲ့ စိတ်ကူးများရှိပြီးတော့ လွတ်လပ်ရေးရပြီးရင် ပြည်နယ် နယ်နမိတ်တွေကို ပြန်ပြီးတော့ စွန့်လွှတ်ပါမယ်ဆိုရင်တော့ အမှန်တစ်ကယ်ကျေးဇူးတင်ပါတယ်။ ပလက်၀ ရဲ့ အဝင်မှာ သာလီစွပါလို့ ရေးကတည်းက ကျနော်တို့ ချင်းတွေက ရင်ဘတ်နာရတယ်လေ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း ပလက်၀မှာ AA နဲ့ CNF အကြား နယ်မြေလှုပ်ရှားမှုနဲ့ပတ်သက် လို့ တင်းမာတဲ့အခြေအနေတချို့ ရှိခဲ့သေးကြောင်း မှတ်တမ်းအဟောင်းတွေအရ သိရပါတယ်။
ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းခိုင်ဆာ့ ကလည်း “ချင်းညီနောင်ကို ကြည့်ရင် ULA/AA နဲ့ ချိတ်ဆက်တဲ့ အဖွဲ့တွေဆိုတာ သတိပြုဖို့လိုတယ်။ CNF ရဲ့ AA အပေါ် ရှုမြင်ပုံဟာ ချင်းပြည်ကောင်စီ ဖွဲ့စည်းတဲ့အချိန်မှာ ပေါ်လွင်သွားတယ်။ နောက်ပြီး MTC/MDF ဟာ AA နဲ့ မဟာမိတ် ဖွဲ့ထားတဲ့အတွက် CNF ဘက်က လက်မခံဘူးဆိုတာ ရှင်းတယ်” လို့ သုံးသပ်ပါတယ်။
ဒါ့အပြင် ပလက်၀မှာနေတဲ့ ခူမီးမျိုးနွယ်စုတွေနဲ့ လိုင်လင်းပီဘက်က မရာမျိုးနွယ်စုတွေအကြားမှာ ဟိုးရှေးယခင်တုန်းက နယ်မြေပြဿနာရှိခဲ့ဖူးတယ်လို့ ခူမီးမျိုးနွယ်စုမဟုတ်တဲ့ ပလက်၀ဒေသခံ ထံကနေ သိရပါတယ်။
“ဟိုးအရင်တုန်းက ပလက်၀က မရာစော်ဘွားတွေရဲ့ အခွန်ကောက်ရာ နယ်မြေဖြစ်ခဲ့ဖူးတယ်။ ဒါကို ခူမီးတချို့က မကျေနပ်စိတ် ကျန်နေသေးတယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေ။ တစ်ကယ်တော့ ဒါတွေက အတိတ်ကဖြစ်ရပ်တွေပါ။ ဒီနေ့ခေတ်အထိ လက်ဆင့်ကမ်းနေစရာ မလိုဘူး။ ဒီအရေးတွေကြောင့် ခူမီးတွေကတော့ CNF ကို ထောက်ခံကြတယ်” လို့ ပလက်၀ ဒေသခံ ဆိုပါတယ်။
လက်ရှိမှာ CNF ဦးဆောင်ဖွဲ့စည်းတဲ့ ချင်းပြည်ကောင်စီမှာ အတွင်းရေးမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ပလက်၀ ဒေသခံ ဆလိုင်းပေါလ်(ပေါလု) ကိုခန့်အပ်ထားတာ တွေ့ရပါတယ်။
(အချင်းချင်း ချကြတဲ့ တိုက်ပွဲတွေ)
ဒီလို တင်းမာမှုတွေနဲ့ နောက်ဆက်တွဲဖြစ်တဲ့ ထိတွေ့ပစ်ခတ်မှုတွေဟာ ၂၀၂၂ ခုနှစ် မရာနယ်မြေအတွင်း MTC/MDF ဖွဲ့စည်းပြီးစီအချိန်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနှစ် မေလ မှာ MTC/MDF တပ်ဖွဲ့ဝင်တွေဟာ နယ်မြေကွင်းဆင်းပြီး စည်းရုံးရေးလုပ်စဉ် ပူးဘွေးကုန်းတို့ရဲ့ CDF Mara ကို ရွာလုံးကျွတ်ထောက်ခံတဲ့ ငဖိုင်သဲရွာအရောက်မှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်မှုစတင်ဖြစ်ပွားပါတယ်။ နောက်တစ်ကြိမ် ပစ်ခတ်မှုကတော့ MTC/MDF ကို ရွာလုံးကျွတ်ထောက်ခံတဲ့ ငဖိုင်ပီးရွာမှာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ ငဖိုင်ပီးရွာတိုက်ပွဲမှာတော့ CDF Mara ဘက်ကနေ မဟာမိတ်တွေဖြစ်တဲ့ CNF နဲ့ CDF Lautu တို့ ပါဝင်ခဲ့တယ်လို့ တိုက်ပွဲသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အဲ့ဒီနောက်ပိုင်း ထိတွေ့ပစ်ခတ်မှုတွေ ရပ်သွားခဲ့ပြီး ချင်းပြည်ကောင်စီနဲ့ ပလက်၀မြို့သိမ်းတိုက်ပွဲဖြစ်ပြီးချိန် ၂၀၂၄ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြန်စပါတယ်။ ပထမဆုံးတိုက်ပွဲကတော့ မရာနယ်မြေ လိုင်လင်းပီမြို့နှင့် ၉ မိုင်ရွာအကြားမှာရှိတဲ့ CNF၊ CDF Mara ပူးပေါင်းဂိတ်စခန်းကို MTC/MDF က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း သူတစ်ပြန် ကိုယ်တစ်လှည့် စတင်ပစ်ခတ်ကြရင်း ဖေဖော်ဝါရီ ၂၄ အထိ တစ်လအတွင်းမှာ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအားလုံးမှာ နှစ်ဖက် သေဆုံး ဒဏ်ရာရတာတွေရှိပေမယ့် ဒီစာရင်းတွေကိုတော့ အခြေအနေအရ မဖော်ပြတော့ပါဘူး။
ချင်းပြည်ကောင်စီ ပြောခွင့်ရ ဆလိုင်းပေါလ်က ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်ဖက်က ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ စွပ်စွဲသလို MTC/MDF ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ဘက်ကလည်း CNF အနေနဲ့ မရာနယ်မြေကို ကျူးကျော်နေတာလို့ စွပ်စွဲပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ” တစ်ကယ့်တော့ ဘယ်သူကပဲ စကစ စခန်းတွေကိုသိမ်းသိမ်း ကိုယ့်မြို့၊ ကိုယ့်ရွာကို ကိုယ့်ဟာကိုယ်ပဲ အုပ်ချုပ်ရမှာပါ။ အခုတော့ သူများနယ်ကို အဝေးကနေလှမ်းပြီး အုပ်ချုပ်ချင်တဲ့ ပုံစံမျိုးပေါ့နော်။ ကိုယ်က ပြည်နယ်အစိုးရ ဖြစ်နေလို့ ဒီပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်၊ ဒေသအကုန်လုံးက သူ့ရဲ့ အုပ်ချုပ်မှုအောက် ရှိရမယ်ဆိုတဲ့ မူဝါဒက ဆိုးရွားစေပါတယ်” လို့ ပြောပါတယ်။
(ချင်းပြည်ရဲ့ ပဋိပက္ခ မီးကို ဘယ်လို ငြှိမ်းမလဲ)
လက်ရှိ ချင်းပြည်အရေးမှာတော့ ချင်းပြည်ကောင်စီအစုအဖွဲ့နဲ့ ချင်းညီနောင်အစုအဖွဲ့ဆိုပြီး အပြိုင် ရှိနေကြပါတယ်။ ဒီအစုအဖွဲ့ ၂ ခုဟာ ပြီးခဲ့တဲ့မတ်လအတွင်းက တွေ့ဆုံဆွေးနွေးကြမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စဟာ ကောလဟလ သတင်းအနေနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ဘယ်တော့ တွေ့ဆုံနိုင်ကြမယ်ဆိုတာလည်း သတင်းထပ်မံ မထွက်ပေါ်လာတော့ပါဘူး။
တစ်ကယ်လို့ တွေ့ဆုံဖြစ်ခဲ့ရင်တော့ ဘာတွေဆွေးနွေးသွားမလဲဆိုတာနဲ့ပတ်သက်လို့ ကောင်စီပြောခွင့်ရ ဆလိုင်းပေါလ်က “ကောင်စီဘက်ကတော့ စည်းလုံးညီညွှတ်ရေးကို ဦးတည် ဆွေးနွေးသွားမယ်။ သို့သော် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆွေးနွေးသွားဖို့ရှိမယ်” လို့ ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် CNO /CNDF ပြောရေးဆိုခွင့်ရှိသူက လက်ရှိပြဿနာကိုဖြေရှင်းဖို့ ၂ ဖက် အပြန်အလှန်အသိအမှတ်ပြုမှုလိုတယ်လို့ ဆိုပါတယ်။ ချင်းညီနောင်အနေနဲ့ တစ်ဖက်ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပေမယ့် တစ်ဖက်ကတော့ အဲ့ဒီလို ပြန်အသိအမှတ်ပြုဖို့ ခက်နေတယ်လို့ ဆိုပါတယ်။
” ချင်းပြည်က ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ မျိုးနွယ်စုအနေအထားအရ အင်မတန်မှ သိမ်မွေ့နက်နဲတဲ့ ပြည်နယ်။ လူဦးရေအနည်းဆုံးနဲ့ လူမျိုးအများဆုံး၊ ဘာသာစကားအများဆုံး ဒေသဖြစ်တယ်။ ဒီကွဲပြားမှုတွေကို စုစည်းမတက်ဘူးဆိုရင် ပြဿနာရှိနိုင်တယ်။ အချိန်ယူပြီး လုပ်ဖို့လိုတယ်။ တချို့ကိစ္စတွေကို အတင်းအဓမ္မလုပ်လိုက်ရင် လက်ရှိမှာ လက်နက်ကြောက်လို့ အဆင်ပြေသလိုဖြစ်နေရင်တောင် အဲ့ဒီဘက်က အားပြန်ကြီးလာတဲ့အခါ ပြဿနာရှိသွားနိုင်တယ်” လို့ မှတ်ချက်ပြုပါတယ်။
ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းခိုင်ဆာ့ကလည်း CNF အနေနဲ့ ကောင်စီမှာ မပါဝင်သေးတဲ့ အဖွဲ့တွေရဲ့ နိုင်ငံရေးသဘောထား၊ ယူဆချက်တွေကို လက်ခံသင့် လက်ခံပြီး ပကတိအရှိတရားကို လက်ခံဖို့လိုတယ်လို့ မှတ်ချက်ပြုပါတယ်။
” လက်ရှိအခင်းအကျင်းကို ရိုးသားစွာချည်းကပ်ဖို့ လိုမယ်။ မရိုးသားရင် ဒီအခင်းအကျင်းက ချင်းပြည်တွင်းစစ်ဆီကို ဦးတည်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။
အခု ရေးသားတဲ့ သတင်းဆောင်းပါးအတွက် ချင်းလက်နက်ကိုင်အဖွဲ့အချို့နဲ့ နိုင်ငံရေးသမားအချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တချို့ ချင်းနိုင်ငံရေးသမားတွေက ချင်းပြည်ကို ကွန်ဖန်ဒရိတ်အဆင့်အထိ ရောက်ရှိဖို့ မျှော်လင့်ထားတာကို တွေ့ရသလို တချို့ကတော့ ဖက်ဒရယ် ဒီမိုကရေစီအဆင့်ကို မျှော်လင့်ကြောင်း ဦးတည်ထားတာကို တွေ့ရပါတယ်။
အခု ကျရောက်ခဲ့တဲ့ ချင်းအမျိုးသားနေ့နဲ့ပတ်သက်ပြီး CNF ဥက္ကဌ ပူးဇင်ကျုံးရဲ့ မိန်းခွန်းထဲမှာတော့ ချင်းပြည်ကောင်စီမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ အားလုံးပါဝင်ရေးအတွက် ကြိုးစားရမှာဖြစ်ပြီး ဘယ်အဖွဲ့ကိုမှ ချန်ထားလို့ မရဘူးလို့ ပြောခဲ့ပါတယ်။
====== END ======