ခမ်းပတ်နှင့် မော်လူးမြို့တို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ  ရဲဘော်  ၁ ဉီးနှင့်  အရပ်သား ၄ ဉီး သေဆုံး

အင်းတော်၊ ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် အင်းတော်မြို့နယ်အတွင်းရှိ မော်လူးမြို့ကို ယမန်နေ့ညသန်းခေါင်ခန့်တွင် အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်က မော်လူးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“မော်လူးမြို့ မြမာလာရပ်ကွက်က စည်ပင်ရုံးနားကို ကြဲသွားတာ။ ၃ ဉီး သေတယ်” ဟု ဒေသခံက ပြောသည်။

သေဆုံးသူ ၃ ဉီးမှာ ဈေးသည်အမျိုးသမီး ၁ ဉီးနှင့် ခရီးသွားပြည်သူ  အမျိုးသား ၂ ဉီးတို့ဖြစ်သည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

မော်လူးမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

အလားတူ ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၂ ဉီးနှင့် အရပ်သား ကလေးငယ် ၁ ဉီးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်နှင့် ကနန်ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခမ်းပတ်မြို့ကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

Photo- ဒေသခံ