ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ် ၂ ရက်ဆက်တိုက် ဗုံးကြဲသဖြင့် ဒေသခံ ၈ ဉီး သေဆုံးပြီး ၁၄ ဉီး ဒဏ်ရာရ

ကျောက်တော်၊ မေ ၁၆

ရခိုင်ပြည်နယ်ရှိ AA သိမ်းပိုက်ထိန်းချုပ်ထားသော ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်က ၂ ရက်ဆက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၈ ဉီး သေဆုံးပြီး ၁၄ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်က ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား တိုက်လေယာဉ်ဖြင့် ၃ ကြိမ်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဉီး သေဆုံးပြီး ၉ ဉီး ဒဏ်ရာရခဲ့သည်ဟု AA က သတင်းထုတ်ပြန်လာသည်။

သေဆုံးသူ ၅ ဉီးမှာ ကျောက်တော်မြို့ ရွာမရပ်ကွက်နေ ဉီးထွန်းအောင်စိန်၊ ဉီးမောင်စံရွှေ၊ ဉီးမောင်ခင်သန်း နှင့် ကျင်းကြီးကျေးရွာနေ ဉီးဇော်ဉီးဝင်း၊ ပိုက်သည်ရပ်ကွက်နေ ဒေါ်ရွှေကြာစိန် တို့ဖြစ်ကြောင်း ဆိုသည်။

အလားတူ မေ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခန့်ကလည်း အာဏာသိမ်းစစ်တပ်သည် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားအမျိုးသမီး ၃ ဉီး သေဆုံးပြီး ၅ ဉီး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့အား အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ၂ ရက်အတွင်း အရပ်သားပြည်သူ  ၈ ဦး ‌သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄ ဦးအထိရှိခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်သည် မေ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၁၂ ဉီး သေဆုံးခဲ့သေးသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲအစည်းများထံသို့ ပေးပို့သွားမည်ဟုလည်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ဓာတ်ပုံ- Local

Leave a Reply

Your email address will not be published. Required fields are marked *